Home
မြန်မာသတင်း
ရှမ်းတောင်တိုက်ပွဲများ ညောင်ရွှေအထိ ပျံ့နှံ့လာပြီး စစ်ရှောင် ၇၀,၀၀၀ ခန့်ရှိလာ
DVB
·
April 10, 2024
Nyaung-Shwe

ရှမ်းပြည်နယ်တောင်ပိုင်းမှာ  စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား သီတင်း ၁၁ ပတ်ကြာ တိုက်ပွဲကာလအတွင်း ဆီဆိုင်၊ ဟိုပုန်း၊ ပင်လောင်းမြို့နယ်တွေကနေ ညောင်ရွှေမြို့နယ်အထိ စစ်ပွဲတွေ ပျံ့နှံ့လာပြီး စစ်ဘေးရှောင်ပြည်သူ ၇၀,၀၀၀ နီးပါး ရှိနေပါတယ်။

ရှမ်းတောင်တိုက်ပွဲတွေမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူ ၇၀,၀၀၀ နီးပါးရှိနေပြီး အများစုက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တဲ့ ဆီဆိုင်ဒေသဖြစ်ကာ အယောက် ၅၀,၀၀၀ ရှိတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးက  ပြောပါတယ်။

လတ်တလောမှာလည်း ပင်လောင်းမြို့နယ်နဲ့ ကပ်လျက် ညောင်ရွှေမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်နေကြရပြီး ကျန်ဒေသတွေမှာတော့ စစ်ရှောင်ချိန် ၂ လနီးပါးကြာလာတဲ့အခါမှာ အခက်အခဲတွေ အများအပြားကြုံလာရပါတယ်။

နေအိမ်တွေကို ပြန်ဝင်ပြီး ပစ္စည်းတွေပြန်ယူချိန် လက်နက်ကြီးထိမှန်တာ မိုင်းနင်းမိတာတွေ အပြင်  ပျောက်ဆုံး အဆက်အသွယ်မရတဲ့ ပြည်သူတွေ အယောက် ၆၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ ဆက်ကြေးကောက်တာတွေလည်း ကြုံနေရတယ်လို့  ပအိုဝ်း လူငယ်အစည်းအရုံးတာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

“ပင်လောင်းနဲ့ကပ်လျက်ဖြစ်တဲ့ ညောင်ရွှေဘက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တော့ အိမ်ခြေ ၄၀၀ လောက် စစ်ဘေးရှောင်ရတယ်။ ဆီဆိုင်လို့ပြောရင်တော့ သူတို့စစ်ဘေးရှောင်ရတာ ကာလက  ၂ လကျော်ရှိလာတော့ ပိုပြီးခက်ခဲကျပ်တည်းလာတာ တွေ့ရတယ်။ ပင်လောင်းဆိုလည်း တလကျော်ဆိုတော့ ပိုပြီး ခက်ခဲလာတယ်။ စားနပ်ရိက္ခာ အခြေခံစားသောက်ကုန်တွေ တကိုယ်ရေသုံးပစ္စည်းတွေ အရေးပေါ်လိုနေတာတွေ့ရတယ်။”

စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ အမိုးအကာမရှိ နေနေကြရပြီး လာမယ့် မိုးရာသီအထိ နေကြရမှာကို စိတ်ပူနေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ရုတ်တရတ်ထွက်ပြေးလာကြရပြီး တိုက်ပွဲတွေငြိမ်သက်ချိန် နေအိမ်တွေကို ပြန်ဝင်ကြည့်တဲ့အခါမှာလည်း မီးလောင်တာ၊ သူခိုးခိုးခံရတာတွေ ကြုံရတယ်လို့ စစ်ဘေးရှောင်ပြည်သူတဦးက DVB ကို ပြောပါတယ်။

တောထဲမှာ စစ်ရှောင်ရတဲ့အတွက် ရေအခက်အခဲအများဆုံးကြုံနေရပြီး ရေတပေပါကို ကျပ် ၅၀,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတဦးက “လက်ရှိက ဆီဆိုင်မြို့ထဲက ဘယ်သူမှ ပြန်လို့ရတဲ့ အခြေအနေ မရှိသေဘူး။ မြို့ပြင်ပတ်ဝန်းကျင်ရွာတွေကလည်း  တောထဲမှာပဲ ရှောင်နေရတယ်။ အဆင်ပြေရင် ရွာထဲပြန်ဝင်တယ်။ အဓိကအခက်အခဲက တောထဲမှာ ရှောင်နေရတဲ့သူက ရေခက်ခဲတာ။ မိုးရာသီရောက်တေ့ာမယ်ဆိုတော့ အမိုးအကာပေါ့။ စားရေးသောက်ရေးပေါ့။ ရေတပေပါကို လေးငါးသောင်းဝယ်ပြီးသုံးနေရတယ်” လို့ ပြောပကါတယ်။

ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့ လက်နက်ကြီးတွေရှိနေတာကြောင့် ပြည်သူတွေ မြို့ထဲကို ပြန်ဝင်တာမလုပ်ကြဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)ပြောခွင့်ရသူက ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ  DVBကို ပြောပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013