Home
မြန်မာသတင်း
မန္တလေးက ရွှေပန်းထိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ် လုယက်မှုကျူးလွန်ခဲ့သူ ၇ ဦး ဖမ်းမိ
DVB
·
April 9, 2024
MDY Rubbers_09042024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနဲ့ ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းထိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်ပြီး ခြိမ်းခြောက်လုယက်ခဲ့တဲ့ အမျိုးသား ၄ ဦးအပါအဝင် အပေါင်းအပါ ၇ ဦးကို ဖမ်းဆီးမိခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က Mark II အဖြူရောင်မော်တော် ယာဉ်တစီးနဲ့ "လင်းလက်ဝါ" ရွှေပန်းထိမ်လုပ်ငန်းနေအိမ်ကို ရဲယူနီဖောင်းဝတ် အမျိုးသား ၄ ဦးရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဖို့နဲ့ လူစာရင်းစစ်ဆေးဖို့ရှိကြောင်း ပြောဆိုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် နှစ်ပိဿာခွဲခန့် (ကာလတန်ဖိုးငွေကျပ်သိန်း ၁ သောင်းကျော်) လုယက်ယူဆောင်သွားခဲ့တယ်လို့ ကာယကံရှင် မိသားစုဝင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"အဓိက ဆိုင်ဝန်ထမ်း(ပန်းထိမ်ဆရာ) ကိုနိုင်က ဓားပြဝင်တိုက်ဖို့အတွက် လက်ထောက်ချခဲ့တာပါ။ ပန်းထိမ်ဆရာနဲ့ ဓားပြခေါင်းဆောင်ကို ချိတ်ဆက်ပေးတဲ့ ကိုလှိုင်ကြီးကိုလည်း ဖမ်းမိတာပါ။ မနေ့က မိတာဆိုတော့ ၁၂ ရက်ကြာသွားတာပေါ့။" 

အောင်မြေသာစံမြို့နယ်၊ အမှတ် ၅ မြို့မရဲစခန်းက တရားခံတေါ ဖမ်းဆီးရမိနိုင်ရေးအတွက် လုယက်မှု ရာဇသတ်ကြီး ပုဒ်မ ၃၉၄၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့ အမှုရေးဖွင့်ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လုယက်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

ရွှေပန်းထိမ်ဆိုင်အား ဓားပြတိုက်လုယက်ခဲ့သူတွေဖြစ်တဲ့ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး (ခ) တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နဲ့ ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့ ၇ ဦးကို ပြစ်မှုဖြစ်ပွားပြီး ၁၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့​တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် သက်သေခံရွှေထည် ပစ္စည်းတွေနဲ့ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ Mark II 99 အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ ပစ္စတိုသေနတ် ၁ လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၇ ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013