မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ ဇန်နဝါရီ ၁ ရက်ကနေ မတ် ၃၁ ရက်အတွင်း နိုင်ငံရေးအကျဥ်းသား ခြောက်ဦးအထိ ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၈ ရက်မှာ နိုင်ငံရေးအကျဥ်းသားဖြစ်တဲ့ ကိုအောင်ကိုဟိန်း (ခ) လေးခွင်းနဲ့ မနိုဘယ်အေးတို့ဟာ ဝေါမြို့နယ်တရားရုံးက အပြန်မှာ စစ်တပ်နဲ့ ရဲတွေရဲ့ အကြောင်းမဲ့ သတ်ဖြတ်တာကြောင့် ကျဆုံးခဲ့ရပြီး မတ် ၁၇ ရက်မှာ ကိုဝင်းသီဟနဲ့ ကိုမင်းသူ (ခ) မော်လဝီရှက်မင်ေတို့ကို ထားဝယ်အကျဥ်းထောင်ပြင်ပမှာ ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၂၉ ရက်မှာ မုံရွာ အမှတ် ၁ ရဲစခန်းမှာ ကိုအောင်ကျော်ဇင်ကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ပြီး မြင်းခြံထောင်အတွင်းမှ ကိုနိုင်ဝင်းထွန်းကတော့ အကျဥ်းဦးစီး ဝန်ထမ်းတွေက ရိုက်နှိက်တာကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
PPNM တာဝန်ရှိသူ ကိုသိုက်က “ဘာကြောင့်မို့ သေဆုံးတယ် ဆိုတာကို မိသားစုဝင်တွေတောင် မသိရတော့ဘူး။ ခေါ်ထုတ်သွားတုန်းက အကောင်းပေမဲ့ ပြီးမှ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းကြားတာမျိုးပေါ့နော်။ သေဆုံးမှုမှာ ရိုက်နှက်ခံရတာကြောင့်ဖြစ်စေ၊ သေနတ်နဲ့ ပစ်သတ်ခံရတာလည်း ဖြစ်နိုင်တယ်။ ခြောက်ဦးမှာ နှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ကျန်တဲ့လေးဦးက စစ်တပ်နဲ့ ရဲက ခေါ်ထုတ်ပြီးမှ သေဆုံးသွားခဲ့တယ်။ သူတို့က သတင်းတွေကိုလည်း ဖုံးထားတယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မတ် သုံးလအတွင်း အကျဥ်းဦးစီးဝန်ထမ်းတွေရဲ့ လက်ချက်ကြောင့် နိုင်ငံရေးအကျဥ်းသားတဦး သေဆုံးခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာတော့ ခြောက်ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
အကျဥ်းထောင်တွေထဲမှာ ဖျာပုံအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်မှု အများဆုံးဖြစ်ပြီး ထားဝယ်အကျဥ်းထောင်၊ မြင်းခြံအကျဥ်းထောင်နဲ့ မုံရွာအကျဥ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။