Home
မြန်မာသတင်း
ညောင်တုန်းတွင် စစ်မှုထမ်းရန်ရွေးချယ်သည့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရ
DVB
·
April 8, 2024
NyaungToneSACcheck_08042024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် မဲရွေးချယ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စာရင်းအသွင်းခံရသူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ စကားများရာက ကျေးရွာအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရပြီး ရန်ကုန်ဆေးရုံကို လွှဲပြောင်းဆေးကုသမှု ခံယူနေရပြီး လုံခြုံရေးတင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ (အနောက်ပိုင်း) ကျေးရွာအုပ်ချုပ်ရေးမှူး မောင်မောင်တာ ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက် ည ၈ နာရီလောက်က စစ်မှုထမ်းဖို့အတွက် မဲနဲ့ရွေးချယ်ခဲ့ရာ စာရင်းအသွင်းခံရတဲ့ လူငယ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ စကားများရာက မဲစာရင်းမှာပါတဲ့ လူငယ်တဦးက ဓားနဲ့ထိုးကာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “ဓားနဲ့ထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးက ညာဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တာ။ ပထမ ညောင်တုန်းဆေးရုံမှာပဲ ကုသနေတာပေါ့။ မသက်သာလို့ မနေ့ ၇ ရက်က ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းသွားတာတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးကို ဓားနဲ့ထိုးသွားတဲ့ လူငယ်ကို စစ်ကောင်စီတပ်က ပိုက်စိပ်တိုက် လိုက်ဖမ်းနေတယ်” လို့ ပြောပါတယ်။

ညောင်တုန်းဒေသခံတဦးက “အုပ်ချုပ်ရေးမှူးကလည်း ခပ်ဆိုးဆိုးပဲ။ လူငယ်တွေနဲ့ အချေအတင်တွေဖြစ်တာ၊ နှစ်ဖက် စကားများရင်းနဲ့ ရုတ်တရက် အုပ်ချုပ်ရေးမှူး မောင်မောင်တာကို မဲစာရင်းပါတဲ့ ကောင်လေးတယောက်က ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ။ ကောင်လေးကတော့ အခုထိ လွတ်နေတုန်းပဲ” လို့ ပြောပါတယ်။ 

အဲဒါနဲ့ပတ်သက်ပြီး ညောင်တုန်းမြို့နယ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတွေနဲ့ စစ်ကောင်စီတပ်က လမ်းဆုံတွေနဲ့ လမ်းခွတွေ၊ ရပ်ကွက်တွေ၊ ကားဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013