Home
မြန်မာသတင်း
မြန်မာစစ်ကောင်စီ အင်အားနည်းလာပြီဟု ထိုင်းဝန်ကြီးချုပ် ပြော
DVB
·
April 8, 2024
Thailand's Prime Minister Srettha Thavisin speaks during an interview with Reuters in Koh Samui

၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အားနည်းလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှုတွေစတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မျက်နှာမျိုးစုံက တော်လှန်ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး NUG အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေဟာ စစ်တပ်စခန်းနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက်နေပြီဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်းမှာ ထိုင်းနယ်စပ်က အဓိကမြို့ဖြစ်တဲ့ မြဝတီမြို့ အစိတ်အပိုင်းတချို့ပါ ထိန်းချုပ်ထားတဲ့အထဲ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

“လက်ရှိအာဏာရှင်အစိုးရဟာ အင်အားတချို့ ဆုံးရှုံးစပြုလာပါပြီ” လို့ ဝန်ကြီးချုပ် ဆေထာက ရိုက်တာနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“သူတို့ရှုံးနေတယ်ဆိုရင်တောင် သူတို့မှာ အာဏာရှိသေးတယ်။ သူတို့မှာ လက်နက်တွေ ရှိသေးတယ်” လို့ ဆေထာက ဖြည့်စွက်ပြောပါတယ်

“အခုအချိန်ဟာ ထိတွေ့ဆက်ဆံပြီး သဘောတူညီမှုယူရမယ့်အချိန်လည်း ဖြစ်နိုင်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းမှာ ဆေထာ ဝန်ကြီးချုပ် ဖြစ်လာပြီးကတည်းက မြန်မာနိုင်ငံနဲ့ ဆက်ဆံထိတွေ့မှု အများအပြား လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်တာမျိုးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လကလည်း ထိုင်းလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ခဲ့ပြီး စစ်အစိုးရက ကန့်ကွက်ခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ဆေထာက မြန်မာနိုင်ငံဟာ ထိုင်းအတွက် အရမ်းအရေးကြီးတဲ့အတွက် သူနဲ့ တခြား ထိုင်းတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံက အကျိုးစီးပွားသက်ဆိုင်သူမျိုးစုံနဲ့ စကားပြောဆို ဆွေးနွေးထားသလို နိုင်ငံတကာမိတ်ဖက်တွေဖြစ်တဲ့ တရုတ်၊ အမေရိကန်တို့နဲ့လည်း ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ညီညွတ်၊ ငြိမ်းချမ်းပြီး သာယာဝပြောရင် အကျိုးအရှိဆုံးဖြစ်မှာက ထိုင်းနိုင်ငံပါ” လို့လည်း ဆေထာက ပြောပါတယ်။

မြန်မာ့အရေး ထိရောက်တဲ့ ထိုင်းအစိုးရ မူဝါဒချမှတ်နိုင်အောင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စစ်ဘက်အကြီးတန်း တာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ လာမယ့် အင်္ဂါနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ဆေထာက ပြောပါတယ်။

“ကျနော် အဓိက ပလေယာ ငါးယောက်၊ ခြောက်ယောက်နဲ့ တွေ့ဖို့ရှိပါတယ်။ ကျနော်တို့အားလုံး တသံတည်းထွက်ရေး သေချာအောင်လို့ပါ” လို့ ဆေထာက ပြောခဲ့ပြီး မြန်မာ့အရေး ထိုင်းအစိုးရကိုင်တွယ်မှု တပြေးညီဖြစ်စေရေးကိုပါ အလေးပေး ပြောသွားပါတယ်။

Source/Photo-REUTERS/Chalinee Thirasupa

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013