ရန်ကုန်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်က JAPFA comfeed Myanmar အမည်ရှိ ကြက်အစာစပ်စက်ရုံမှာ ဧပြီ ၇ ရက် ညနေ ၄ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ဝန်ထမ်းတဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီးလောင်မှုဟာ စက်ရုံအောက်ထပ်ရှိ ဘွိုင်လာကနေ အပူလွန်ရာက စတင်ခဲ့တာဖြစ်ပြီး သွပ်မိုး၊ သွပ်ကာ ၇ ထပ်အမြင့်ရှိ စက်ရုံတခုလုံးနဲ့ အစာစပ် ကုန်ကြမ်းပစ္စည်းတွေကို မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုနေရာကို မြောက်ပိုင်းခရိုင်မီးသတ်၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှည်းကူးနဲ့ ပုလဲအရန်မီးသတ်တို့က မီးသတ်ယာဉ် ၁၃ စီး လာရောက်ငြှိမ်းသတ်ခဲ့သလို ညနေ ၄ နာရီ မိနစ် ၄၀ မှာ Level 1 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။
မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “စက်ရုံအထဲမှာ အစာစပ်တဲ့ ဘွိုင်လာတွေ ရှိတယ်။ ဆုံးသွားတဲ့သူက ငါးထပ်လောက်မှာ တာဝန်ကျတာ။ စက်ရုံက ခုနစ်ထပ်လောက် မြင့်တယ်။ မီးလောင်နေတော့ ပူလွန်းအားကြီးတော့ မခံနိုင်လို့ ခုန်ချလိုက်တာဖြစ်မယ်။ သူက ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတယ်။ ကျန်တဲ့သူတွေက လှေကားကနေ ဆင်းပြေးတာ။ လှေကားတန်းတွေ ကိုင်မိတော့ အကုန်လုံး လက်တွေကို စုတ်ပြတ်သတ်ကုန်တာ” လို့ ပြောပါတယ်။
မီးလောင်နေချိန်အတွင်း စက်ရုံငါးလွှာမှာ ရောက်ရှိနေတဲ့ အသက် ၄၀ ကျော် စက်ရုံဝန်ထမ်း အမျိုးသားမှာ အောက်ကိုခုန်ချခဲ့ပြီး စက်ရုံဝန်ထမ်းတချို့ကတော့ ဘေးလှေကားကနေ မီးလွတ်ရာကို ပြေးဆင်းခဲ့ကြတယ်လို့ သိရပါတယ်။
ငါးလွှာက ခုန်ချခဲ့တဲ့ အမျိုးသားမှာ မီးလောင်ဒဏ်ရာအပြင် လက် ခြေ နံရိုးကျိုး ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်နေတဲ့လမ်းမှာ သေဆုံးသွားခဲ့ပြီး လှေကားကနေ ပြေးဆင်းသူ အမျိုးသားသုံးဦးရဲ့ လက်နဲ့ ခြေထောက်တွေမှာ မီးအပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တဦးက “ဘွိုင်လာကနေ မီးထလောင်ပြီး ဖြစ်တာလို့ သတင်းဝင်ပါတယ်။ စက်ရုံက အပေါ်ဆုံးအထိ သွပ်ပြားတွေ ကာထားတာ။ အထဲမှာ ကုန်ကြမ်းတွေလည်း များတယ်။ အလုပ်ပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေလည်း သိပ်အများကြီး မရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီ ၁၇ မိနစ်လောက်မှာ မီးထိန်းနိုင်ခဲ့ကာ ညနေ ၅ နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး ထိခိုက်ခဲ့သူတွေကို အရပ်ဘက်အသင်းယာဉ်တွေနဲ့ မှော်ဘီဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။
ဓာတ်ပုံ- လူမှုကူညီရေးအသင်းများ