Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင်ငွေလွှဲရန် အေဂျင်စီနှင့် ချုပ်ရမည့် စာချုပ်မူကြမ်း စစ်ကောင်စီ ရေးဆွဲ
DVB
·
April 7, 2024
MigrantWorkersMyanmar_07042024
WorkersOffice_07042024

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ လွှဲပို့ငွေကို တရားဝင်လွှဲပို့စေဖို့အတွက် သက်ဆိုင်ရာ အေဂျင်စီနဲ့ ချုပ်ဆိုရမယ့် စာချုပ်မူကြမ်းကို ရေးဆွဲနေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၅ ရက်က ပြုလုပ်တဲ့ ပြည်ပ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အဲဒီစာချုပ် (မူကြမ်း) ရေးဆွဲနေတဲ့အကြောင်း ပြောကြားခဲ့တာပါ။

ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုလွှဲပို့ငွေ​တွေကို တရားဝင် ဘဏ်စနစ်တွေကနေ  ပြန်လည်လွှဲပို့ပေးနိုင်ရေးအတွက် နိုင်ငံအားလုံး ခြုံမိတဲ့ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနဲ့ အလုပ်သမားအကြား ချုပ်ဆိုမယ့် စာချုပ် (မူကြမ်း) ကိစ္စကို အသိပေးပြောကြားခဲ့တာပါ။

အဲဒီစာချုပ်မူကြမ်းမှာ ဘယ်လိုအချက်တွေပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ တရားဝင်ငွေလွှဲပို့ရေးအတွက် အေဂျင်စီတွေကို ဖိအားပေးမယ့်သဘောရှိတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။

အမည်မဖော်လိုတဲ့​ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက “အခုလည်း ဝန်ခံသဘောမျိုး လက်မှတ်ထိုးခိုင်းပြီးမှ ထွက်ရတာရှိတယ်။ နောက်တော့ နှစ်ဖက်သီးခြား စာချုပ်ချုပ်ရမယ့်သဘောလို့ ထင်တယ်။ အလုပ်သမားက အပြင်ရောက်သွားရင် သူ့သဘောနဲ့သူ နေကြမှာ။ နောက်ဆုံးအေဂျင်စီက ခေါင်းခံရမယ့်သဘော ဖြစ်လာမလား မပြောတတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက်မြန်မာတွေ လစဥ်လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ ဒါမှမဟုတ် သုံးလ တကြိမ် သုံးလစာရဲ့ ၂၅ ရာခိုင်နူန်းကို မိသားစုဆီ တရားဝင်ငွေလွှဲပို့ဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လစာဝင်ငွေရဲ့ နှစ်ရာခိုင်နူန်းကို ဝင်ငွေခွန် ပေးဆောင်ဖို့ အမိန့်ညွှန်ကြားချက် ထုတ်ထားကာ အခွန်မဆောင်တဲ့သူတွေကို စစ်ကောင်စီ သံရုံးတွေက ပတ်စ်ပို့သက်တမ်းတိုး မပေးတာမျိုးတွေနဲ့ အကျပ်ကိုင်နေတယ်လို့ ပြည်ပရောက်မြန်မာလုပ်သားတွေက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိူင်ငံခြားငွေရရှိရေးအတွက် ပြည်ပရောက်မြန်မာတွေကို အကျပ်ကိုင်နေတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013