ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် ကော်တောဝ် (လိပ်ကျွန်း) အပိုင် ပင်လယ်ပြင်ထဲမှာ ဧပြီ ၄ ရက် မနက်က မြန်မာလုပ်သား နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပါတဲ့ ခရီးသည်တင်သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မနက် ၇ နာရီလောက်က ခိုတောင်အုပ်စု ပင်လယ်ထဲမှာ သင်္ဘောတစီး မီးလောင်နေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် မီးသတ်လှေ၊ ကယ်ဆယ်ရေးလှေ၊ လူနာတင်လှေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ကော်ဖငန်းမြို့နယ် မီးသတ်ဌာနက သတင်းထောက်တွေကို ပြောပါတယ်။
မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန် အနီးနားရှိ ပုဂ္ဂလိကသင်္ဘောနဲ့ လှေတွေ ကလည်း သင်္ဘောပေါ်ကလူတွေကို ကယ်ထုတ်နေကြပြီး တချို့တွေဟာ ရေထဲခုန်ချကူးခတ် နေကြတယ်လို့ ဆိုပါတယ်။
မနက် ၈ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသတ်နိုင်ခဲ့ကာ သေဆုံးသူမရှိဘဲ မီးဟပ်ခံရတဲ့ ဒဏ်ရာရသူအနည်းငယ်ရှိကြောင်း၊ မီးဟာ သင်္ဘောစက်ခန်းထဲကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်ရတဲ့အကြောင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ ကော်ဖငန်းမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။
ကော်ကျရွန်းနှစ်လို့ အမည်ရတဲ့ အဆိုပါ သင်္ဘောဟာ ခရီးသည်အိပ်စင်ပါရှိကြောင်း၊ သင်္ဘောပေါ်မှာ နိုင်ငံခြားသားခရီးသွားဧည့်သည်၊ မြန်မာရွှေ့ပြောင်းလုပ်သား၊ ထိုင်းလူမျိုး စုစုပေါင်း ၉၇ ဦး နဲ့ သင်္ဘောဝန်ထမ်း ၁၁ ဦးတို့အပြင် ကုန်ပစ္စည်းတွေပါ တင်ဆောင်လာတယ်လို့ ဆိုပါတယ်။
ဧပြီ ၃ ရက် ည ၉ နာရီခွဲလောက်က စူရတ်ဌာနီမြို့ကနေ ထွက်ခွာလာပြီး ကော်တောဝ်ကျွန်းဆီ ဦးတည်ခုတ်မောင်းနေရာက ခုလိုမီးလောင်မှုနဲ့ ကြုံရတာလို့ သင်္ဘောတာဝန်ရှိ ဝန်ထမ်းက သတင်းထောက်တွေကို ပြောသွားပါတယ်။
Source # MGROnline / ThaiPBS