Home
မြန်မာသတင်း
ပြည်ပသို့ ထွက်ခွာရန် စမတ်ကတ်လုပ်သူများ ပိုများလာ
DVB
·
April 3, 2024
UId-832024

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ စမတ်ကတ်ပါမှ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ် ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် စမတ်ကတ်လုပ်သူတွေ အရင်ကထက် ပိုများလာတာကို တွေ့ရပါတယ်။

ပြည်ပထွက်ခွာနိုင်ဖို့ စမတ်ကတ် မဖြစ်မနေလိုအပ်တဲ့အတွက် ကတ်လျှောက်ထားသူတွေဟာ မနက် ၃ နာရီကတည်းက မြို့နယ်လဝကရုံးရှေ့မှာ လာရောက် တန်းစီကြတာဖြစ်ပြီး လျှောက်ထားသူဦးရေကလည်း အရင်ကထက် ပိုပြီးများပြားလာပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသွားလာတဲ့အခါမှာ စမတ်ကတ်ပါရှိမှ အဆင်ပြေနိုင်တာကြောင့် မနက် ၃ နာရီကတည်းက မြို့နယ် လဝက ရုံးရှေ့မှာ လာရောက်တန်းစီနေကြတာ ဖြစ်ပါတယ်။

စမတ်ကတ်လုပ်ရန် တန်းစီသူတဦးက “၃ နာရီဆိုရင် မာရှယ်လောပြီးပြီလေ။ အဲဒီက တချို့တွေ ထွက်ကြတာပဲ။ အခုပဲ သမီးတို့လာတာ ၄ နာရီမခွဲသေးဘူး။ ၂၈ ယောက်ရှိနေပြီ။ တူမအတွက် လာတန်းစီတာ။ အမျိုးသားကျတော့ ခရီးထွက်ဘာထွက်ဆိုတော့ အဲ့ကတ်မပါရင် ပြဿနာတက်မှာ ကြောက်လို့။ သူက တက္ကစီမောင်းတယ်ဆိုတော့ ဝုန်းဆို ခရီးထွက်သွားဆိုရင်။ အဲဒါမပါရင် ပိုက်ဆံတွေ ဘာတွေ ပေးရမှာစိုးလို့ သူ့အတွက် လာတန်းစီပေးတာ”လို့ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) က ၂၀၂၃ ခုနှစ် မတ်လကစတင်ပြီး နိုင်ငံသားအားလုံး မှတ်ပုံတင်နည်းတူ စမတ်ကတ်တွေ ပြုလုပ်ခိုင်းပြီး အဲဒီကတ်အချက်အလက်တွေထဲမှာ ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ QR ကုဒ်ကိုပါ ဖြည့်စွက်ကောက်ယူထားပါတယ်။

စမတ်ကတ်မှာ ကိုယ်ရေးအချက်အလက်တွေအပြင် လက်ဗွေနဲ့ မျက်လုံးစကင်န်ဖတ်ထားတဲ့ အချက်အလက်တွေ ပါဝင်တဲ့ QR ကုတ်က အဓိကပါဝင်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပတ်စ်ပို့ထုတ်ယူတဲ့အခါ လဝက က ထုတ်ပေးထားတဲ့ စမတ်ကတ် (UID) ယူဆောင်လာရမယ်လို့ အခုနှစ် မတ် ၁၉ ရက်က ထုတ်ပြန်လိုက်ပြီးနောက် စမတ်ကတ်လာလုပ်သူတွေ အရင်က ထက်ပိုများလာခဲ့တာပါ။

မြန်မာ့နိုင်ငံရေးနဲ့ အထွေထွေအကျပ်အတည်းတွေအပြင် စစ်မှုမထမ်းမနေရ အမိန့်က မြန်မာပြည်သူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ တွန်းပို့ လိုက်သလို ဖြစ်နေပါတယ်။

ရန်ကုန်လေဆိပ်မှာလည်း ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို ထွက်ခွာမယ့် လူငယ်အများအပြားကိုလည်း နေ့စဉ်တွေ့မြင်ရပါတယ်။

ဧပြီ ၁ ရက်က  ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်းအလုပ်လုပ်ကိုင်ဖို လဝကရုံးကထုတ်ပေးတဲ့ စမတ်ကတ်ကို အရယူပြီး ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားသူ လူငယ်တဦးကတော့ ပြည်ပထွက်ခွာတဲ့အစီအစဥ်နဲ့ ပတ်သက်ပြီးအခုလို ပြောပါတယ်။

“ဘယ်လိုခံစားရလဲဆိုတော့ ဝမ်းနည်း ဝမ်းသာပေါ့။ အဲဒီလိုပေါ့။ အကုန်လုံးကိုတော့ ထွက်စေချင်တယ်။ ကျနော်တို့လိုပဲ။ မျှော်လင့်တာကတော့ ကျနော် ကျောင်းတက်သွားမယ်။ ပြီးကျလိုရှိရင် ကျနော်နဲ့သက်ဆိုင်တဲ့ နေရာတခုပေါ့။ ဘွဲ့တခုယူမယ်။ ပြီးကျ အလုပ်လုပ်မယ်။ အဲ့ လောက်ပါပဲ။”

လက်ရှိ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကျေးလက်ဒေသ အပါအဝင် မြို့နယ်ပေါင်း ၁၁၀ ကျော်ရှိ ပြည်သူလူထု  နေအိမ်နဲ့ အခြေခံအဆောက်အအုံပေါင်း ၈၆၀၀၀ ကျော် မီးရှို့ ဖျတ်ဆီးခံခဲ့ရပါတယ်။

ဒါကြောင့် ပြည်တွင်းလူဦးရေရဲ့ ဆယ်ပုံတပုံလောက်ရှိတဲ့ လူဦးရေ ငါးသန်းခွဲလောက်ကလည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာကြပြီး နေရပ်ကို စွန့်ခွာလာကြတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာအတွင်း ပြည်ပနိုင်ငံတွေကို လေဆိပ်ကတဆင့်ထွက်ခွာပြီး အလုပ်သွားရောက် လုပ်ကိုင်သူ မြန်မာနိုင်ငံသားပေါင်း နှစ်သိန်းနီးပါးရှိတယ်လို ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013