မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အဓမ္မလုပ်အားခိုင်းစေခံရတဲ့ ယူဂန္ဓာနိုင်ငံသားတွေကို ကူညီကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ယူဂန္ဓာနိုင်ငံ သံအမတ်ကြီးနဲ့ ထိုင်းတရားရေးဝန်ကြီးတို့ဟာ ဧပြီ ၁ ရက်က ဘန်ကောက် ထိုင်းတရားရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီမတိုင်ခင်က ယူဂန္ဓာနိုင်ငံသား အယောက် ၃၀ ကျော်ဟာ လိမ်လည်လှည့်ဖျားခံရပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ သူတို့ဆန္ဒမပါတဲ့ အလုပ်တွေ အတင်းအဓမ္မ စေခိုင်းလုပ်ဆောင်ခံခဲ့ရ၊ ထွက်မပြေးနိုင်အောင် ချုပ်နှောင်ခံခဲ့ရတယ်၊ ဒါကြောင့် မြန်မာနဲ့ နိုင်ငံချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံအနေနဲ့ သူတို့ပြန်လွတ်လာရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ ယူဂန္ဓာသံရုံးက ထိုင်းတရားရေးဝန်ကြီးဌာနကို စာပို့ခဲ့ပါတယ်။
အဲဒီနောက် ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ခံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာန DSI ဟာ နှစ်နိုင်ငံ နယ်ခြားကော်မတီ၊ နယ်စပ်ပြည်သူ့အခြေပြု အဖွဲ့အစည်း၊ နယ်ခြားစောင့် စစ်တပ်၊ နယ်မြေခံရဲတွေနဲ့ ပူးပေါင်းပြီး ပိတ်မိနေတဲ့ ယူဂန္ဓာနိုင်ငံသားတွေကို စုံစမ်း ကယ်တင်ရာမှာ ၂၃ ဦးကို တဖက်နိုင်ငံကတဆင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ချောင့်ခက်ပ်အုပ်စုဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါကြောင့် ယူဂန္ဓာသံအမတ်ကြီး မစ္စစ် ဘက်ထီ အိုရယ်လာ ဘိခ်ကွမ်းနဲ့ တာဝန်ရှိသူတွေဟာ မနေ့က ထိုင်းတရားရေးဝန်ကြီး ရဲမှူးကြီး ထဝီးဆွတ်ဆောင်နဲ့ လာရောက်တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ထိုင်းတရားရေးဝန်ကြီးကလည်း ကူညီပေးရန် အသင့်ရှိပါကြောင်း ပြောဆိုပြီး ကျန်ရှိသူတွေ အားလုံး ကယ်ထုတ်နိုင်ဖို့ ဆက်လက်ဆွေးနွေး နည်းလမ်းရှာဖွေခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ အထူးသဖြင့် ကိုးကန့်ဒေသ လောက်ကိုင်မြို့ထဲမှာ အရင်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အကြီးအကျယ်ရှိခဲ့ပြီး မြန်မာနိုင်ငံသားတင်မက နိုင်ငံခြားသားတွေပါ လစာကောင်းကောင်း ရမယ်ဆိုပြီး အလိမ်ခံရကာ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေရဲ့ နှိပ်စက်ညှဉ်းပန်း အဓမ္မလုပ်အားခိုင်းစေမှုတွေ ခံခဲ့ရပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေး ဆောင်ရွက်ခဲ့
လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်တော့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရပြီး အဲဒီထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တွေလည်း ပါဝင်ပါတယ်။
နယ်မြေအသီးသီးရောက်သွားတဲ့ ကျားဖြန့်အဖွဲ့ဝင်တွေထဲက တချို့ဟာ မြန်မာစစ်တပ်က ဖမ်းဆီးပြီး တရုတ်နိုင်ငံပြန်ပို့ခဲ့ပြီး ထိုင်းနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်လက်ထဲ ပြန်အပ်တယ်။
တချို့က ထိုင်းဘက်ကို တရားမဝင် ထွက်ပြေးလာကြပြီး တချို့ကတော့ တိုင်းရင်းသားပြည်သူ့စစ်ထဲ ဝင်ရောက်ခိုလှုံသူရှိသလို ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသထဲလည်း ရောက်လာကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source/ Photo- Thai Government