Home
နိုင်ငံတကာ
ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးဗုံးကြဲ၊ အီရန်စစ်ဘက်အကြံပေး ၇ ဦး သေဆုံး
DVB
·
April 2, 2024
Israel bombs its embassy in Syria_02042024

ဆီးရီးယားနိုင်ငံမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေး စစ်လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ဗိုလ်မှူးချုပ်အဆင့် ရှိသူတွေ အပါအဝင် စစ်ဘက်အကြံပေး ခုနစ်ဦး သေဆုံးတယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ ဒေသတွင်း ရန်ဘက်နိုင်ငံတွေအကြား တင်းမာမှုကို ပိုဆိုးလာစေနိုင်ပါတယ်။

သံတမန်ဝင်းထဲမှာ ဗုံးကြဲခံရတဲ့ အီရန်ကောင်စစ်ဝန်ရုံးဟာ အီရန်သံရုံးနဲ့ ကပ်ရက် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့မီဒီယာတွေက အီရန်သံရုံး ဗုံးကြဲခံရတယ်လို့ပဲ ဖော်ပြကြပါတယ်။

အဆောက်အအုံတခုလုံး အပျက်စီးပုံကြီး ဖြစ်သွားပြီး အရေးပေါ်ယာဉ်တွေ အပြင်မှာ ရပ်တန့်ထားပုံတွေကို ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ မီဇာခရိုင်က အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ရိုက်တာသတင်းထောက်တွေက ရိုက်ကူးနိုင်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မက်ဒက်က “ဒမတ်စကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို ဒီလို ကြမ်းကြုတ်ရက်စက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ဆီးရီးယား ပြောပါတယ်။

တိုက်ခိုက်မှုဟာ သံရုံးဝင်းထဲက ကောင်စစ်ဝန်ရုံးကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အပေါ်နှစ်ထပ်ဟာ သံအမတ်အိမ်နေရာ ဖြစ်တယ်လို့ လွတ်မြောက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက ပြောပါတယ်။

အီရန်ရဲ့ ပြည်ပထောက်လှမ်းရေး အထူးတပ်ဖြစ်တဲ့ ကာ့ဒ်စ်တပ်ဖွဲ့ရဲ့ အကြီးတန်းတပ်မှူး ဗိုလ်မှူးချုပ် ရီဇာ ဇာဟာဒီ၊ သူ့လက်ထောက် ဗိုလ်မှူးချုပ် မိုဟာမက် ဟာဒီ ဟာဂျီ-ရာဟီမီတို့ အပါအဝင် စစ်ဘက်အကြံပေး ခုနစ်ဦး သေဆုံးတယ်လို့ အီရန် အစ္စလာမ္မစ် အစောင့်တပ်က ထုတ်ပြန်ပါတယ်။

အစ္စရေးဟာ ဆီးရီးယားမှာရှိတဲ့ အီရန်စစ်ဘက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ သံရုံးဝင်းထဲကို တိုက်ခိုက်တာတော့ ပထမဆုံး ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013