ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်မှာ အမျိုးသားတဦး နေအိမ်ထဲ ပစ္စည်းပြန်သယ်စဉ် မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။
ဧပြီ ၁ ရက်က မိုင်းနင်းမိခဲ့ပြီး ခြေထောက်တဖက် ဆုံးရှုံးတဲ့အပြင် လက်၊ ရင်ဘတ်တွေလည်း မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဆီဆိုင်မြို့ခံတဦးက “ပစ္စည်းပြန်သယ်တာ ကားပေါ်ဆင်းပြီး ခြံဝန်းထဲပဲ ဝင်ရသေးတယ်။ ခြေသုံးလေးလှမ်းပဲ သွားရသေးတယ်၊ ချက်ချင်း မိုင်းနင်းမိတယ်။ စိတ်လည်းမကောင်းပါဘူး။ နေအိမ်ပြန်ရင် အကုန်လုံး သတိထားပြီး ပြန်စေချင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီအမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ တောင်ကြီးမြို့ ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေပြီး မိုင်းက ဘယ်အဖွဲ့ထောင်ထားတယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။
ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းအပြင် ပေါက်ကွဲတတ်တဲ့ စစ်ကျန်ပစ္စည်းတွေလည်း များစွာကျန်ခဲ့တယ်လို့ ပြောပါတယ်။
ဆီဆိုင်မြို့တိုက်ပွဲကြောင့် အရပ်သား ၆၅,၉၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။