Home
မြန်မာသတင်း
IIMM အစီရင်ခံစာကို ရိုဟင်ဂျာအရေး လှုပ်ရှားသူများ ကြိုဆို
မင်းညို
·
April 1, 2024
RohinGya_01042024

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်‌သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေဟာ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက  ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ ဖေ့ဘွတ်ခ်စာမျက်နှာ ၄၃ ခု ကနေ ထောင်နဲ့ချီပြီး အမုန်းစကားတွေဖြန့်‌ဝေခဲ့ကာ  ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖို့နဲ့ မြန်မာနိုင်ငံကနေ ဖယ်ရှားဖို့ မှတ်ချက်တွေ ရာနဲ့ချီတွေ့ခဲ့တယ်လို့  IIMM က မကြာသေးခင်က အစီရင်ခံစာက ထုတ်ထားတာပါ။  

နိုင်ငံတကာ အဖွဲ့အစည်းတွေက အခုလို ကူညီနေတာကို ကြိုဆိုခဲ့ကြပေမဲ့ လက်ရှိ ရိုဟင်ဂျာတွေရဲ့ မြေပြင်အခြေအနေအရ စိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အရေးပေါ် အစည်းအ‌ဝေးခေါ်ယူကာ ထိထိရောက်ရောက် ကူညီပေးဖို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။

NLD အစိုးရလက်ထက်တုန်းကလည်း ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းခဲ့ပေမဲ့ ထိရောက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်မလာခဲ့ပါဘူး။

၂၀၁၇ ခုနှစ်က မောင်တောမြို့နယ် အင်ဒင်ရွာ လူသတ်မှုနဲ့ပတ်သက်လို့ စစ်တပ်က အရာရှိစစ်သား  ခုနစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမဲ့ နှစ်နှစ်လောက် အကြာမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ဟန့်တားအပြစ်ပေးမှုတွေ မရှိတဲ့အတွက် ကျူးလွန်သူတွေကို ပိုပြီးကျူးလွန်လို့ ရအောင်လုပ်ပေးနေတဲ့ ရေခံမြေခံတွေ အားကောင်းနေဆဲပဲလို့ ဗမာ့ပြည်တွင်းစစ်ပြတိုက်မှ သုတေသီ ကိုရဲဟိန်းအောင်က ပြောပါတယ်။

IIMM ရဲ့ ထုတ်ပြန်ချက်တွေက  နိုင်ငံတကာမှာရှိတဲ့တရားရုံးတွေမှာ တရားစွဲဆိုဖို့အတွက် အချက်အလက်တွေ ထပ်မံရှာဖွေ ဖော်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အဖွဲ့ကို နိုင်ငံတကာက ဘယ်နေရာမှာမဆို တရားစွဲနိုင်အောင် လုပ်ဖို့ လုပ်ဆောင်နိုင်မှသာအခုလို ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မယ်လို့ အာဂျင်တီးနား တရားရုံးမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုထားတဲ့ Burma Rohingya Organizations  အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက စိစစ်သုံးသပ်ချက် အစီရင်ခံစာ နှစ်စောင်ကို အများပြည်သူဖတ်ရှုနိုင်ဖို့ မတ် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

ပထမအစီရင်ခံစာမှာ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာစစ်တပ်ရဲ့  လျှို့ဝှက် လူမှုကွန်ရက်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ စနစ်တကျဖြန့်ဝေခဲ့တဲ့ အကြောင်း  အသေးစိတ် ဖော်ပြထားပါတယ်။

ဒုတိယ အစီရင်ခံစာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေအပေါ် လိင်နဲ့ ကျား၊ မ အခြေပြု ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေကို  ဆန်းစစ်ထားပါတယ်။

နိုင်ငံတကာဥပဒေအရ မြန်မာအာဏာပိုင်တွေဟာ အဲဒီကျူးလွန်မှုတွေကို  စုံစမ်းစစ်ဆေးပြီး အပြစ်ပေး အရေးယူရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့  အစီရင်ခံစာက ကောက်ချက်ချထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013