Home
မြန်မာသတင်း
ရေးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အပူချိန် စံချိန်သစ်တင်
DVB
·
April 1, 2024
Ye Tsp_01042024

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ နှစ်ပေါင်း ၆၀ အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေးမြို့ခံတဦးက “အခု နေ့အပူချိန်က များတော့ နေ့ခင်းဘက် လမ်းမှာ လူအသွားအလာတောင် မရှိဘူး” လို့ ပြောပါတယ်။

စိုက်ပျိုးတောင်သူတဦးကလည်း “ရာသီဥတု အပူချိန် မြင့်တက်လာတော့ စိုက်ပျိုးရေး သံပုရာသီး၊ ဒူးရင်းသီး စတဲ့သီးနှံပင်တွေပါ ထိခိုက်ပျက်စီးနေတယ်။ ဒီလိုအခြေအနေမျိုးဆို အခုလာမယ့် ရာသီမှာ အသီးတွေ အဝင်နည်းလာနိုင်တယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့ အပါအဝင် မကွေးတိုင်းဒေသကြီး ချောက်မြို့နဲ့ ပဲခူးတိုင်းဒေသကြီး ဇောင်းတူမြို့တို့မှာလည်း အပူချိန် စံချိန်သစ်တင်ခဲ့တာပါ။

ချောက်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နဲ့ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ပြီး ဇောင်းတူမြို့မှာလည်း အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နဲ့ နှစ်ပေါင်း ၃၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ် တင်ခဲ့တယ်လို့ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာ လေတိုက်နှုန်း တနာရီ ၂၇ မိုင်မှ ၃၈ မိုင်ထိ တိုက်ခတ်နိုင်ပြီး တချို့ဒေသမှာ တခါတရံ မိုင် ၄၀ ကျော်ထိ တိုက်ခတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့နဲ့ ကျန် တချို့ဒေသတွေမှာ ၂၅ မိုင်မှ ၃၃ မိုင်ထိ တိုက်ခတ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် ဝန်းကျင်နဲ့အထက် ရှိနိုင်တဲ့အတွက် နွေလေရူးတသုန်သုန်ကြား မီးဘေးအန္တရာယ် အထူးသတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013