Home
မြန်မာသတင်း
မူဆယ်မြို့ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို  ဝင်ရောက်ဖမ်းဆီး 
DVB
·
March 30, 2024
msee

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့ပေါ်ရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်တဲ့ကုမ္ပဏီတွေထဲကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးနေတယ်လို့ နယ်စပ်ဒေသခံ တွေဆီက သိရပါတယ်။

ငွေလိမ်ဂိုဏ်းရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်ထောက်ပံ့နေတဲ့ ခေါင်းဆောင် ၁၀ ဦး ကျော်ကို မတ် ၂၆ ရက်က တရုတ်နိုင်ငံ ရွှေလီမှာ တရုတ်အထူးရဲတွေ ဖမ်းဆီးပြီးနောက် မူဆယ်ဘက်မှာလည်း အခုလိုဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။

မူဆယ်နယ်စပ် ဒေသခံတဦးက"ကျားဖြန့် လုပ်နေတဲ့သူတွေရဲ့ အပေါ်မှာရှိတဲ့ သူဌေးတွေနဲ့ သူတို့က ဟိုဘက်ကမ်း (ရွှေလီ) ကို သွားလည်တာ။ အဲသွားလည်တာမှာ ဟိုမှာ ဆွဲစိခံလိုက်ရတယ်" လို့ ပြောပါတယ်။

ဖူလီလိုက်က အုပ်စုကလူတွေ၊ မန်ဂျယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ရင်ရဲ့ သား၊ ခလရ - ၂၉၀ တပ်ရင်းမှူး ဗိုလ်မှူး ရွှေမောင်တို့ပါပြီး ခလရ - ၂၉၀ တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကိုတော့ (တပ်မ ၉၉) တပ်မမှူးက အာမခံလို့ ပြန်လွှတ်လာတယ်လို့  မူဆယ်ဒေသခံက ပြောပါတယ်။

"ကျားဖြန့်တွေ မူဆယ်ထဲမှာ ရှိနေပါသေးတယ်ဆိုပြီးတော့ တရုတ်ရဲက ဖိအားပေးပြီး Location ပါ တိတိကျကျ တရုတ်ထောက်လှမ်းရေးကပေးတော့ မဖြစ်မနေ ဖမ်းရတော့တာပေါ့။ အဲလို မဖမ်းရင် ကိုရွှေမောင်လွှတ်မှာ မဟုတ်ဘူးလေ။ အခုလို ဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာမပေါက်အောင် သိုသိုသိပ်သိပ်လုပ်ခဲ့ပေမဲ့ မီဒီယာပေါ်တက်သွားတော့ လရ - ၂၉၀ တပ်ရင်းမှူး ဗိုလ်မှူး ရွှေမောင် အနေနဲ့တပ်ရင်းမှူး ရာထူးတိုးပဲ ထိမလား၊ ပြုတ်မလား မသိဘူး။”

မတ် ၂၆ ရက်မှာ ငွေလိမ်ဂိုဏ်းရဲ့ နောက်ကွယ်က ထောက်ပံ့ပေးနေတဲ့ ခေါင်းဆောင်တွေကို တရုတ်ဘက်က ဖမ်းဆီးသွားပြီးနောက် မူဆယ်ဘက်က ငွေလိမ် ကုမ္ပဏီတွေမှာ လာရောက် ဖမ်းဆီးမယ့် သတင်းပေါက်သွားတာကြောင့် မတ်လ ၂၇ ရက်ကစ အွန်လိုင်း ငွေလိမ် ကုမ္ပဏီတွေ အများအပြား ထွက်ပြေးနေကြပါတယ်။

မူဆယ်က ယာဉ်မောင်းတဦးက"ဖမ်းမယ်ဆိုလို့ အဲဒီ ကျားဖြန့်ကုမ္ပဏီမှာနေတဲ့ လူတွေ အကုန်ထွက်ပြေးကုန်တာ။ ကုမ္ပဏီတော်တော်များများက အကုန်ထွက်ပြေးသွားကြတယ်။ သူတို့ လာဖမ်းမယ်ဆိုတဲ့ သတင်းကြားတာနဲ့။ သူများ အကုန်သတင်းပို့ထားပြီလေ။ အဲဒါကြောင့် ကျားဖြန့် ကုမ္ပဏီ ကလူတွေ အများကြီး ထွက်ပြေးကုန်ကြတာ”လို့ ပြောပါတယ်။

မူဆယ်မြို့မှာတော့ လောင်းကစားရုံတွေ၊ ကျားဖြန့်တွေ ဆယ်ချီ ရှိပြီး စစ်တပ်နဲ့ ရဲတွေကို လာဘ်ပေး လုပ်ကိုင်နေကြတာဖြစ်ပြီး မတ် ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်အတွင်း ကျားဖြန့် ဝန်ထမ်း ထောင်ချီ ဖမ်းဆီးခံရကြောင်း မျက်မြင်ဒေသခံတွေက ခန့်မှန်းပါတယ်။

မျက်မြင် မူဆယ်ဒေသခံတဦးက “တမြို့လုံးနီးပါးဖမ်းတာ။ ပြီးတော့ မန့်ဝိန်းပေါက်ထဲ အားလုံးသွင်းတာ။  မတ်လ ၂၉ ရက်မှာ တရုတ်ဘက်ပို့တာဟုတ်တယ်" လို့ ပြောပါတယ်။  

တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကျားဖြန့်ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးပြီးတဲ့သူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ ကိုးကန့် ပြည်သူ့စစ် ခေါင်းဆောင် ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့် သူဌေး   ဖူလီလိုက်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးလျိုအားပေါက်၊ ကိုးကန့် အမှတ် - ၁၀၀၆ နယ်ခြား စောင့်တပ်ဗဟို အကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ ဇန်နဝါရီ ၃၀ ရက်ညက နေပြည်တော်လေဆိပ်မှာ လာရောက် ခေါ်ဆောင်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024