Home
မြန်မာသတင်း
မင်းတပ်တွင် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူများကို CNC-Mindat အရေးယူမည်
DVB
·
March 29, 2024
Mindat_29032024

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်မှုထမ်းဥပဒေ အသက်သွင်း ဖော်ဆောင်နေသူတွေကို အရေးယူ လုပ်ဆောင်သွားမယ်လို့ ချင်းအမျိုးသားကောင်စီ-မင်းတပ် (CNC-Mindat) က မတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း မင်းတပ်မြို့ပေါ် လေးရပ်ကွက်မှာ အိမ်ထောင်စုစာရင်း ကောက်ယူမှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

မင်းတပ်မြို့ စံပြရပ်ကွက်မှာ အိမ်ထောင်စုစာရင်း ကောက်ယူမှုကို အဓိကလုပ်ဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ တခြားဌာနက Non-CDM ဝန်ထမ်းတွေက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့တွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတာကို CNC-Mindat က လက်မခံတဲ့အတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းရာမှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးကို အာမခံမှာမဟုတ်ကြောင်း CNC-Mindat ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းအမျိုးသားကောင်စီ မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “အခုလောဆယ်တော့ သတင်းတွေ ရထားတာရှိတော့ သတိပေးထားတာပေါ့နော်။ တကယ့်တကယ် အရေးယူရမယ်ဆိုရင် စစ်တပ်ဝန်းထဲနေတဲ့သူ၊ ရဲစခန်းဝန်းထဲနေတဲ့သူသာ သွားဖမ်းလို့မရတာလေ။ ကျန်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အချိန်မရွေး သွားဖမ်းလို့ ရတာပေါ့လေ။ အဓိကက သတိပေးတဲ့ သဘောပါပဲ၊ လက်ရှောင်စေချင်တာပေါ့။ ဖမ်းဖို့ဆီးဖို့ ရှိလာနိုင်တာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း ကျေးရွာတွေကနေ မင်းတပ်မြို့ပေါ် စျေးဝယ်လာတဲ့ လူငယ်သုံးဦးကို မင်းတပ် ၂၇၄ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013