အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ နယူးယောက်မှာပြုလုပ်တဲ့ မဲဆွယ်ရန်ပုံငွေပွဲမှာ ဒီမိုကရက်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘီလ်ကလင်တန်၊ ဘာရက်အိုဘားမားတို့ပါ တက်ရောက်ခဲ့ကြပါတယ်။
မတ် ၂၈ ရက်က ကျင်းပတဲ့ပွဲမှာ ပါလက်စတိုင်းအရေး ဆန္ဒပြသူတွေက ပွဲကို ဟန့်တားနှောင့်ယှက်မှုတချို့ ရှိခဲ့ပြီး သမ္မတဟောင်းတွေက ဘိုင်ဒင်ရဲ့ ဂါဇာအကျပ်အတည်း ကိုင်တွယ်ပုံကို ခုခံပေးခဲ့ကြပါတယ်။
ဘိုင်ဒင်ဟာ အိုဘားမားနဲ့အတူ Air Force One လေယာဉ်နဲ့ နယူးယောက်ကို လာခဲ့တာဖြစ်ပြီး ကလင်တန်နဲ့အတူ နာမည်ကျော် Radio City Music Hall မှာ ဆွေးနွေးပွဲလုပ်ခဲ့တာပါ။
ထောင်နဲ့ချီတဲ့ ပရိသတ်ရှေ့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ The Late Show အစီအစဉ်က စတီဖင် ကိုးလ်ဘာ့တ်က တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီပွဲမှာ ဘိုင်ဒင်ရဲ့ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေ ဒေါ်လာ ၂၅ သန်းအထိ ရခဲ့တယ်လို့ သိရပါတယ်။
ပွဲလက်မှတ်တွေက ဒေါ်လာ ၂၅၀ ကနေ ဒေါ်လာ ၅ သိန်းအထိရှိပြီး လူ ၅,၀၀၀ ကျော်တက်တယ်လို့ ခန့်မှန်းထားပါတယ်။
ဂါဇာမှာ လူ ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ အမေရိကန်က အစ္စရေးဘက်က လုံးဝရပ်တည်ပေးခဲ့တာကို မကျေနပ်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အခုပွဲကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အိုဘားမားနဲ့ ကလင်တန်ကတော့ အိမ်ဖြူတော်မှာ နိုင်ငံရေးပကတိအရှိတရားကို ရင်ဆိုင်ရတာ မလွယ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အမေရိကန်သမ္မတတယောက်ဆိုတာ အစ္စရေးဘက်က ရပ်တည်နိုင်စွမ်းရှိရမှာ ဖြစ်သလို ပါလက်စတိုင်းသားတွေ အစားအစာနဲ့ ဆေးဝါးရရှိဖို့၊ အနာဂတ်မှာ နိုင်ငံရရှိဖို့လည်း တိုက်ပွဲဝင်ပေးနိုင်စွမ်း ရှိရမှာဖြစ်တယ်လို့ သမ္မတဟောင်းတွေက ရှင်းပြခဲ့ပါတယ်။
ကမ္ဘာကြီးမှာ ပျော်ရွှင်စရာတွေ၊ အလှတရားတွေ ရှိသလို အဖြစ်ဆိုးတွေ ရက်စက်ယုတ်မာမှုတွေလည်း ရှိကြောင်း၊ တခါတရံမှာ ပြည်သူတွေက သန့်ရှင်းတဲ့ ဆုံးဖြတ်ချက်တွေပဲ သမ္မတတယောက်မှာ အဲဒီလိုလုပ်ခွင့်မသာကြောင်း အိုဘားမားက ရှင်းပြပါတယ်။
Source/Photo-Reuters