Home
မြန်မာသတင်း
ပန်းတနော်တွင် စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန် တအိမ် ငွေ ၁၀,၀၀၀ ကောက်ခံနေ
DVB
·
March 29, 2024
pan 2932024

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံလမ်းကျေးရွာအုပ်စုက စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုကာ တအိမ်ကို ငွေကျပ် ၁၀,၀၀၀ အထိ ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းတနော်မြို့နယ်၊ ကျုံလမ်းအုပ်စု ကျုံလမ်းကြီးဝကျေးရွာ၊ သုံးခွကျေးရွာ၊ ကျင်ပတ်ကျေးရွာ၊ ကျုံတိုင်းလေးလှမ်းပတ်ကျေးရွာ စတဲ့ကျေးရွာတွေမှာ မတ် ၂၅ ရက်က စတင်ပြီး စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး တအိမ် ၁၀,၀၀၀ ကျပ်အထိ ကောက်ယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းအောင်က စစ်မှုထမ်း မဲပေါက်တဲ့သူတွေကို ထောက်ပံ့မလို့ဆိုပြီး ဒေသခံတွေဆီမှာ အတင်းငွေကောက်နေတာ။ မဖြစ်မနေထည့်ဖို့ ကောက်ယူနေတာ။ ကောက်တဲ့ငွေအတိုင်း မပေးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်သေးတယ်” လို့ ပြောပါတယ်။

အဲဒီ ကျုံလမ်းကျေးရွာအုပ်စုမှာ အရပ်သား ဒေသခံ လူငယ်သုံးဦးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်အောင်က စစ်မှုထမ်းဖို့ မြို့နယ်ကို စာရင်းတင်ထားပြီး နောက်ထပ် စစ်မှုထမ်းဖို့ ဒုတိယအသုတ်မှာ မပါစေချင်ရင် ငွေထည့်ဖို့ပြောတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတဦးက“အမျိုးမျိုး ခြိမ်းခြောက် ငွေကောက်နေတာ။ အုပ်ချုပ်ရေးမှူးတွေက အတော်ဆိုးတယ်၊ အဆိုးဆုံးပဲ။ တအိမ် ၁၀,၀၀၀ မထည့်ရင် မိမိတာပဲလို့ပြောတယ်။ ဒုတိယအသုတ်မှာ မပါချင်ရင် ငွေထည့်လို့လည်း ပြောတယ်။ ငွေမရှိ မထည့်နိုင်တဲ့သူတွေ နွမ်းပါးသူတွေကို သူ့အိမ်မှာ အလုပ်တွေ ခေါ်ခိုင်းတာ” လို့ ပြောပါတယ်။

အခုလို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အဓိက စာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီတက်လာပြီး ဒုတိယအကြိမ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး စစ်မှုထမ်းဥပေဒ မထုတ်ပြန်ခင်ကလည်း အရပ်သားတွေကို အမျိုးမျိုးဖိနှိပ်ကာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လမ်းကြေး၊ ကင်းကြေးတွေ ကောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပန်းတနော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဦးဆောင်ပြီး စစ်မှုထမ်းဖို့ မစိုးရိမ်နဲ့ နိုင်ငံသားတာဝန်ကျေဖို့ စစ်မှုထမ်းဖို့ အချက် ၁၅ ချက်အထိပါတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013