ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ကညင်သုံး ဆင့်ကျေးရွာမှာ မတ် ၂၇ ရက်က ပိုင်ဆိုင်မှု ခွဲဝေတဲ့ ကိစ္စနဲ့ လင်မယားရန် ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဇနီးကို သံပိုက်လုံးနဲ့ ရိုက်နှက်ပြီးအလောင်း ဖျောက်ဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူရဲ့ သားဖြစ်သူကရဲစခန်းကို အကြောင်းကြားတဲ့အတွက် ရဲစခန်းက စစ်ဆေးရာမှာ သေဆုံးသူရဲ့ အမျိုးသားက သတ်ဖြတ်အလောင်းဖျောက်ခဲ့တာကို သိရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
အဲ့ဒီအလောင်းကို ရန်ကုန် - ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၆၆/၀ နဲ့ ၆၆/၁ကြားရှိ မိသားစုပိုင်ဆိုင်တဲ့ ပိန်းဥစိုက်ခင်းရဲ့ နွားတင်းကုတ် အဟောင်းထဲမှာ ကျင်းတူးမြှုပ်နှံထားတာကို သက်ဆိုင်ရာက စစ်ဆေးရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ''သူ့အမျိုးသမီးကို သတ်ပြီး မြေမြှုပ်ထားတာကို ဝန်ခံတယ်လေ။ သေဆုံးသူက ယာဘက်ဦးခေါင်းခွံရိုး ကွဲအက် ချိုင့်ဝင် ဒဏ်ရာ တချက်၊ ဝဲဘက်ဦးခေါင်း လေး လက်မခန့် ကွဲအက်ဒဏ်ရာ တချက် စုစုပေါင်း ဒဏ်ရာ ခြောက်ချက်နဲ့ မြှုပ်နှံထားတဲ့ အလောင်းကိုလည်း တွေ့ရှိတာ” လို့ ပြောပါတယ်။
သားသမီးတွေ မရှိချိန် လင်မယားပိုင်ဆိုင်တဲ့ လယ်မြေ ၂၈ ဧကကို ပိုင်ဆိုင်မှုခွဲဝေဖို့ ပြောဆိုစဉ် အဆင်မပြေကာ မတ် ၂၇ ရက် ည ၁၀ နာရီလောက် ဇနီးဖြစ်သူ အိပ်နေချိန် အသက် ၅၃ နှစ်အရွယ် ဦးမိုးဇယ္က သံပိုက်လုံးနဲ့ ရိုက်နှိက်လိုက်ရာ ဇနီးဖြစ်သူ သေဆုံးသွားတာကြောင့် အလောင်းဖျောက်ဖျက် မြုပ်နှံထားတာလို့ အသက် ၅၃ နှစ်အရွယ် ဦးမိုးဇယ်က ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သားဖြစ်သူက တရားလိုပြုလုပ်တန် တိုင်းတာကြောင့် ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ဦးမိုးဇယ်ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။