ရုရှားဟာ NATO အဖွဲ့ဝင် ဘယ်နိုင်ငံကိုမှ တိုက်ခိုက်မှာမဟုတ်ပေမဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေက ပစ်ချရလိမ့်မယ်လို့ သမ္မတ ဗလာဒီမာပူတင်က မတ် ၂၇ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
ဒီနိုင်ငံတွေကို ရန်လိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ ပူတင်က ပြောကြားခဲ့ကြောင်း ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကရင်မလင် မှတ်တမ်းအရ သိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ စစ်ဖက်မဟာမိတ်အဖွဲ့ဟာ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ၁၉၉၁ ခုနှစ်ကတည်းက ရုရှားဆီ အရှေ့ဘက်ကို တိုးလာခဲ့ပေမဲ့ မော်စကိုက NATO နိုင်ငံတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပူတင်က ရုရှားလေတပ် လေယာဉ်မှူးတွေနဲ့ စကားပြောရာမှာ ထည့်ပြောသွားပါတယ်။
အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်က ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး ရုရှားက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတာကြောင့် ဘယ်လိုအချိုးအစားနဲ့ စစ်တိုက်ဖို့ဖြစ်နိုင်ပါ့မလဲလို့ ပူတင်က မေးခွန်းထုတ်လိုက်ပါသေးတယ်။
ရုရှားက ပိုလန်၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ချက်သမ္မတနိုင်ငံတွေကို တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ စိတ်ကူးက လုံးဝကို အဓိပ္ပာယ်မဲ့ပြီး သူတို့ကို မောင်းထုတ်ရုံပါပဲလို့ ပူတင်က ပြောပါတယ်။
ယူကရိန်းကို ငွေကြေး၊ လက်နက်နဲ့ ထောက်လှမ်းရေးတွေ ပံ့ပိုးပေးခြင်းအားဖြင့် ရုရှားကို တိုက်ခိုက်နေတယ်လို့ အမေရိကန်ကို စွပ်စွဲထားတဲ့ ကရင်မလင်နန်းတော်က ဝါရှင်တန်နဲ့ ဆက်ဆံရေးဟာ လုံးဝ ပိုဆိုးသွားစရာ မရှိတော့ဘူးလို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံကို ပေးပို့မယ်လို့ အနောက်နိုင်ငံတွေက ကတိပြုထားတဲ့ F-16 တိုက်လေယာဉ်တွေကလည်း ယူကရိန်းရဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။
တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ဒုံးပစ်လောင်ချာတွေ အပါအဝင် တခြားပစ္စည်းတွေကို ဖျက်ဆီးသလိုမျိုး တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်မယ်လို့လည်း ဆိုပါတယ်။
နျူးကလီးယားလက်နက်တွေကို သယ်ဆောင်လာနိုင်တဲ့ F-16 တိုက်လေယာဉ်တွေကို တတိယနိုင်ငံတွေရဲ့ လေယာဉ်ကွင်းတွေကနေ အသုံးပြုမယ်ဆိုရင် ဘယ်နေမှာပဲရှိရှိ ရုရှားရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့လည်း ပူတင်က ပြောပါတယ်။
F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို လာမယ့်လတွေအတွင်း ရောက်လာတော့မယ် ဆိုတဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလေဘာရဲ့ အစောပိုင်းက မှတ်ချက်ပေး ပြောဆိုအပြီးမှာ ပူတင်က ပြောလိုက်တာပါ။
ရုရှားကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ၂ နှစ်ကျော်ကြာ စစ်ပွဲမှာ ယူကရိန်းက F-16 တိုက်လေယာဉ်တွေကို လနဲ့ချီ ရှာဖွေခဲ့တာပါ။
ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနဲ့ နယ်သာလန်တို့ဟာ F-16 လေယာဉ်တွေကို လှူဒါန်းဖို့ ကတိပြုထားတဲ့ နိုင်ငံတွေထဲ ပါဝင်ပါတယ်။
လေယာဉ်အသုံးပြုပုံတွေကိုလည်း ယူကရိန်း လေယာဉ်မှူးတွေကို နိုင်ငံတွေရဲ့ ညွန့်ပေါင်းအဖွဲ့က ကူညီလေ့ကျင့်ပေးမယ်လို့ ကတိပြုထားပါတယ်။
Source/Photo-Reuters