Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံး၊ ၆၀ ထက်မနည်း ဒဏ်ရာရ
DVB
·
March 28, 2024
SAC-Rakkhine-Airstrike_25032024

ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ထက်မနည်း ရှိခဲ့ပါတယ်။

မတ် ၁၇ ရက်ကနေ ၂၄ ရက် ကာလအတွင်း DVB က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ အဆိုပါ မြို့နယ် သုံးခုမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာ​ဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေဟာ ရက္ခိုင့်တပ်တော် (AA) ဖေဖော်ဝါရီလကတည်းက သိမ်းပိုက်ထားတဲ့ မြို့နယ်တွေဖြစ်ပြီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်လာတာဟာ စစ်ဘက်၊ အရပ်ဘက် ခွဲခြားမှုမရှိတော့ဘဲ တိုက်ခိုက်လာတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေကို ရှုံးမဲ မဲပြီးတော့ တိုက်ခိုက်တာတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတင် မကတော့ဘူး၊ လူသားမျိုးနွယ်ပြုန်းတီးအောင် အတွက်တောင် သတ်ဖြတ်လာတာဖြစ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေတာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက မတ် ၁၇ ရက်က မြောက်ဦးမြို့ပေါ်မှာ နေရာလေးခုထက်မနည်းကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မတ် ၁၈ ရက်ကလည်း မင်းပြားမြို့နယ် သာဒါ(မွတ်စလင်)ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ် အထက်လေညှင်းတောင် ကျေးရွာကိုလည်း မတ် ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး လေးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးအထိ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်က ဘယ်တော့မှ လုံခြုံမှုမရှိတော့ဘူးလို့ မြောက်ဦးမြို့နယ် လေညှင်းတောင် ကျေးရွာသားတဦးက ပြောပါတယ်။

မြောက်ဦးမြို့နယ်ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၈ ရက်ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မကြာခဏဆိုသလို လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂၊ ၂၃ နဲ့ ၂၄ ရက်တွေမှာလည်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာ၊ သရက်တောင်ကျေးရွာနဲ့ ကမ်းထောင့်ကြီးကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ရဟန်းသံဃာတော်တွေ အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦ၊ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ် ထိခိုက်ပျက်စီးမှုလည်း ၆၀ ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၁၁၁ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၇ ဦးအထိ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013