Home
မြန်မာသတင်း
လောင်းလုံးထွေအုပ်ဝန်ထမ်း ၂ ဦးကို ပြောက်ကျားတပ်ဖွဲ့က ပြန်လွှတ်ပေး
DVB
·
March 26, 2024
LaungLone_26032024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းနှစ်ဦးကို စစ်ဆေးမေးမြန်းပြီး မတ် ၂၅ ရက် ညနေက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မတ် ၂၃ ရက်က လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဌာနခွဲစာရေး ဒေါ်ငြိမ်းငြိမ်းသက်နဲ့ ပြင်းထိန်ကျေးရွာ ရပ်ကျေးတာဝန်ခံ ဒေါ်စောကြူတို့ကို နွေဦးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နွေဦးပြောက်ကျားတပ်ဖွဲ့က ဒေါ်ငြိမ်းငြိမ်းသက်ကို မြင့်မိုရ်လက်ခတ်တောင် ဘုန်းကြီးကားနဲ့ စီးနင်းလိုက်ပါလာတာကို လောင်းလုံး-ထားဝယ် လမ်းပိုင်းတနေရာမှာ သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒေါ်ငြိမ်းငြိမ်းသက်ကို စစ်ဆေးချက်အရ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးတာဝန်ခံ ဒေါ်စောကြူကို ပြင်းထိန်ရွာ သူ့ရဲ့နေအိမ်မှာ နွေဦးပြောက်ကျားတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

နွေဦးပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ကို ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ ထိထိရောက်ရောက် အထောက်အထားလည်း မရတော့ သူတို့နှစ်ဦးစလုံးကို မတ်လ ၂၅ ရက်နေ့၊ ညနေလောက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

“စစ်မှုထမ်းဥပဒေကို အသက်မဝင်အောင်နဲ့ မြေပြင်မှာ အကောင်အထည်ဖော်လို့မရအောင် ကျနော်တို့ တားဆီးဖို့လိုတယ်။ Non CDM ဝန်ထမ်းတွေရော၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရော အဲဒီကိစ္စမှာ ပါဝင်ပတ်သက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ သတိပေးချင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက် မနက် ၆ နာရီခွဲလောက်က လောင်းလုံးမြို့နယ်၊ မြို့တော်ခန်းမရှေ့ကို ကင်းလှည့်ထွက်လာတဲ့ အင်အား ငါးဦးပါ စကစ Vigo ကားကို နွေဦးပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013