Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကျင့်သုံးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၃၆ ဦးသေ၊  ၁၁ ဦး ဒဏ်ရာရ
DVB
·
March 26, 2024
Ma-Kway-Za-People-Defense-By-SAC-2

စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့အကြောင်း စစ်ခေါင်းဆောင်က အမိန့်ထုတ်ပြီးနောက်   ဖေဖော်ဝါရီ ၁၂ ကနေ မတ် ၂၄ ရက်အတွင်း  စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှုး ၃၆ ယောက် သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ DVB ကနေ ပြုစုထားတဲ့ သတင်းအချက်အလက်တွေရ သိရပါတယ်။

လူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေကို အာဏာတည်တဲ့အကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က ကြေညာပြီး ရက်ပေါင်း ၄၃ ရက်အတွင်းမှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

မန္တလေးတိုင်း ကျောက်ဆည်၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ မလှိုင်နဲ့ စဥ့်ကူးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၆ ရက်အတွင်း အုပ်ချုပ်ရေးမှူးတယောက်၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ခုနှစ်ယောက်သေဆုံးပြီး အမျိုးသမီး သုံးယောက်၊ အုပ်ချုပ်ရေးမှူးတယောက်နဲ့ ရာအိမ်မှူးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ နတ္တလင်းနဲ့ ရွှေကျင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၁ ရက်ထိ အူပ်ချုပ်ရေးမှူ နှစ်ယောက်နဲ့ ရာအိမ်မှူးတယောက် ပစ်သတ်ခံရပါတယ်။

မကွေးတိုင်း တောင်တွင်းကြီး၊ ကံမနဲ့ ချောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၆ ရက်အထိ အုပ်ချုပ်ရေးမှူး သုံးယောက်နဲ့ ဆယ်အိမ်မှူး နှစ်ယောက် ပစ်သတ်ခံရပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေအသက်သွင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၉ ရက်အတွင်း မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၁၅ ယောက် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်း ဒိုက်ဦး၊ အုတ်ဖို၊ ရေတာရှည်၊ ကြိုပင်ကောက်၊ သဲကုန်းမြို့နယ်တို့မှာ မတ် ၃ ရက်မှ ၂၄ ရက်အထိ အုပ်ချုပ်ရေးမှူး လေးယောက်၊ ရာအိမ်မှူး တယောက်၊ ဆယ်အိမ်မှူးတယောက် ထွေအုပ်စာရေးဝန်ထမ်းတယောက်၊အုပ်ချုပ်ရေးမှူးဇနီးတယောက် စုစုပေါင်း ရှစ်ယောက် သေဆုံးကာ ရာအိမ်မှူးတယောက်၊ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးတိုင်း စဥ့်ကူး၊ ချမ်းမြသာစည်၊ ဝမ်းတွင်း၊ အမရပူရ၊ သပိတ်ကျင်းနဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး သုံးယောက်၊ ရာအိမ်မှူး သုံးယောက်၊ ဆယ်အိမ်မှူး တယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးပြီး အုပ်ချုပ်ရေးမှူးတယောက်နဲ့ ရာအိမ်မှူးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း မကွေး၊ အောင်လံနဲ့ စဥ့်ကူးမြို့နယ်မှာ မတ် ၃ ရက်ကနေ ၁၉ ရက်အထိ အုပ်ချုပ်ရေးမှူး သုံးယောက်နဲ့ အမျိုးသားရေးဆရာတော်တပါး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မတ် ၂၂ ရက်က ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ပစ်ခတ်ခံပြီး မတ် ၂၄ ရက်မှာ ထွေအုပ်စာရေး ဝန်ထမ်း ဒေါ်မြမြငြိမ်း ထပ်မံပစ်ခံရတာကြောင့် စစ်မှုထမ်းစာရင်းကောက်တာကို ခေတ္တနားထားရပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မတ် ၇ ရက် မနက် အစောပိုင်းက ကော့ကဒွတ်​ကျေးရွာ အုပ်​ချူပ်​ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး မတ် ၂၄ ရက်မှာ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလွင်ပစ်ခတ်ခံရပါတယ်။

အလားတူပင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဇောတိကုန်းကျေးရွာမှာ မတ် ၂၂ရက် မနက်က စစ်မှုထမ်းမယ့်သူစာရင်း မဲနှိုက်ရင်း အုပ်ချုပ်ရေးမှူးကို ရွာသားတွေ ဝိုင်းရိုက်လို့ ဆေးရုံတင်ထားရ ပါတယ်။

စစ်မှုထမ်းစာရင်းကောက်ယူရေးနဲ့ ဆင့်ခေါ်ရေး ဖွဲ့စည်းပြီးချိန်မှာတော့ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းမှာ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၂၁ ယောက်သေဆုံးကာ  ငါးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013