Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်တွင် တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေသဖြင့် စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံ
DVB
·
March 25, 2024
SunPraBwanWarVictims_25032024

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်နဲ့ ဆွမ်ပရာဘွမ်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရာကနေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဆွမ်ပရာဘွမ်မြို့နဲ့ မြို့ပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆွမ်ပရာဘွမ်မြို့က ပြည်သူတွေဟာ မတ် ၁၃ ရက်ကစပြီး တိုက်ပွဲတွေနဲ့ ဘေးလွတ်ရာ တောတောင်တွေမှာ မိုးကာတဲတွေနဲ့ တိမ်းရှောင်နေထိုင်နေကြပြီး ၁၀ ရက်ကျော် ကြာလာပြီ ဖြစ်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေသူတဦးက ပြောပါတယ်။

တိမ်းရှောင်နေထိုင်ရတာ အချိန်ကြာလာသလို လမ်းပိတ်ထားတဲ့ အခြေအနေတွေကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်လာသလို မိုးရွာသွန်းတာကြောင့် နေရာထိုင်ခင်းအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆွမ်ပရာဘွမ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့က ပြည်သူတွေဟာ မြစ်ကြီးနားကနေ မိုင် ၁၀၀ ဝေးတဲ့ ခဂရန်းယန်၊ ဇွပ်ယန်၊ မိုင်ထောင် ကျေးရွာတွေမှာ တိမ်းရှောင်နေထိုင်နေရပါတယ်။ တောင်တောင်တွေမှာ တိမ်းရှောင်နေသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေလည်း အများအပြား ပါဝင်ပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေကာ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ ထောက်ပံ့ကူညီရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မရလို့  စားနပ်ရိက္ခာတွေကို ခွဲဝေစားသောက်နေရပါတယ်။

ရေရှည်မှာတော့ စားနပ်ရိက္ခာအတွက် ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ တိမ်းရှောင်ပြည်သူတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ဆွမ်ပရာဘွမ်မြို့ကို KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့အနီးက စစ်ကောင်စီဗျူဟာကုန်းကို နေ့စဉ် ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်လို့ KPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ် ခုခံနေပြီး မတ် ၂၄ ရက်ကလည်း ဆွမ်ပရာဘွမ်မြို့အနီးကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆွမ်ပရာဘွမ်မြို့ခံက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူဉီးရေ ၁,၄၀၀ ဝန်းကျင် ရှိပါတယ်။ ဆွမ်ပရာဘွမ်မြို့ အနောက်ခြမ်းဘက်ကို တိမ်းရှောင်သွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်နဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ခဂရန်ယန်ဘက်ကို တိမ်းရှောင်နေတဲ့ ပြည်သူတဦးထံက သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဆွမ်ပရာဘွမ်နဲ့ ဆွမ်ပရာဘွမ်မြို့ ပတ်ဝန်းကျင်က ပြည်သူတွေကလည်း လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆွမ်ပရာဘွမ်မြို့က နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013