ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်တွေကို စစ်ကောင်စီဘက်က တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးအထိ ရှိခဲ့ပါတယ်။
မတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ တပတ်အတွင်း DVB က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ အဆိုပါ မြို့နယ်သုံးခုမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့တာပါ။
အခုတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေဟာ ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလကတည်းက သိမ်းပိုက်ထားတဲ့ မြို့နယ်တွေဖြစ်ပြီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်လာတာဟာ စစ်ဘက်၊ အရပ်ဘက် ခွဲခြားမှုမရှိတော့ဘဲ လူတိုင်းကို ရန်သူသဖွယ်ထား တိုက်ခိုက်လာတာလို့ လူအခွင့်အရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
“စစ်ကောင်စီက ရခိုင်ပြည်မှာလို့ မဟုတ်တော့ဘူး။ တနိုင်ငံလုံးမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီမှာ ဘာကျင့်ဝတ်မှ မရှိတော့ဘူး။ စစ်ဘက် အရပ်ဘက် ပစ်မှတ်ဆိုတာလည်း မရှိတော့ဘဲ လူသားမျိုးနွယ်အပေါ်မှာ ဘက်ပေါင်းစုံကနေ တိုက်ခိုက် သတ်ဖြတ်နေတာ ဖြစ်တယ်။”
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗေးရှင်းနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေတာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မတ် ၁၇ ရက်က မြောက်ဦးမြို့ပေါ်မှာ နေရာ လေးနေရာထက် မနည်းကို စစ်ကောင်စီက လေကြောင်းကနေ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မတ် ၁၈ ရက်ကလည်း မင်းပြားမြို့နယ် သာဒါ(မွတ်စလင်)ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ဦးမြို့နယ် အထက်လေညှင်းတောင် ကျေးရွာကိုလည်း မတ် ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး လေးဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦးအထိ ရှိခဲ့ပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် ဘယ်တော့မှ လုံခြုံမှုမရှိတော့ဘူးလို့ လေညှင်းတောင် ကျေးရွာသားတဦးက ပြောပါတယ်။
“ရခိုင်တပြည်လုံးမှာရှိတဲ့ ပြည်သူတွေက ဘယ်နေရာမှာမှ လုံခြုံမှုမရှိတော့ဘူး။ စစ်ကောင်စီက ဘယ်နေ့လာပြီး လေယာဥ်နဲ့ ဗုံးကြဲမလဲ၊ ဘယ်နေ့ လက်နက်ကြီးနဲ့ ပစ်မလဲဆိုပြီး စိတ်မလုံမခြုံနဲ့ နေကြရတဲ့ အခြေအနေ ဖြစ်နေကြပြီ။ စစ်ကောင်စီ မဖြုတ်ချနိုင်သရွေ့တော့ ပြည်သူ့အသက်အိုးအိမ်က လုံခြုံမှုမရှိနိုင်ဘူး။”
မြောက်ဦးမြို့နယ်ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၈ ရက်ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပြီး စစ်ကောင်စီကလည်း မကြာခဏဆိုသလို လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ပြုလုပ်နေပါတယ်။
မတ် ၂၂ ရက်နဲ့ ၂၃ ရက်ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာနဲ့ သရက်တောင် ကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ လေကြောင်းကနေ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ရဟန်းသံဃာတော်တွေ အပါဝင် အရပ်သား ၁၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦ၊ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မတ် ၂၄ ရက် တရက်တည်းမှာ မင်းပြားမြို့နယ်၊ သေကံကျေးရွာနဲ့ မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကမ်းထောင့်ကြီး တိုက်နယ်ဆေးရုံတခုလုံး ပျက်စီးခဲ့ပြီး ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို သေကံကျေးရွာမှာလည်း နေအိမ်သုံးလုံး၊ စပါးထိုးစက်တလုံး ပျက်စီးခဲ့ပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ မတ် ၁၈ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၅၇ ဦးအထိ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။