ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အသွင်ပြောင်း ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) တပ်သားတွေအတွက် ဆွမ်းကပ်ပေးဖို့ တောင်ကြီးမြို့နယ် တောင်ဘက်က ကျေးရွာတွေမှာ အမိန့်ပေးထားတယ်လို့ မတ် ၂၅ ရက်မှာ သိရပါတယ်။
ပင်လောင်းမြို့နယ် နမ့်နိန်း၊ နမ့်ဖာမှု၊ နောင်ဝိုးနဲ့ ဗန်းမောက်၊ ဆောင်းပြောင်းတလျှောက်မှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်အတွက် အသွင်ပြောင်း ပအိုဝ်းအမျိုးသားပြည်သူ့စစ် PNA တပ်သားတွေက စစ်ကူတိုက်ရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။
တောင်ကြီးမြို့နယ် တောင်ဘက်ရှိ ကျေးရွာတရွာမှ အမျိုးသားတဦးက “လေးယောက် ကျသွားတယ်လို့ ပြောတယ်။ အဲဒါ ဆွမ်းကပ်ပေးဖို့ ပြောတယ်။ တရွာလုံး အကုန် ဟင်းချက်တဲ့လူ ချက်ပေါ့၊ အကြော် ကြော်နေကြတာလည်း ရှိတယ်။ ဘယ်သူတွေ သေလဲတော့ နာမည်မသိဘူး။ ဒါပေမဲ့ ရွာထဲမှာ ဗိုလ်မှူးတွေက ရွာသားတွေကို ဆွမ်းကပ်ခိုင်းတာ။ ပိုက်ဆံက ဘယ်လိုလုပ်လဲ မသိဘူး။ အခုကတော့ ရွာက အကုန် အရင်လုပ်ပေးထားတယ်” လို့ ပြောပါတယ်။
ပင်လောင်းမြို့နယ် တိုက်ပွဲထဲမှာ စစ်ကောင်စီအတွက် PNA တပ်က ကူတိုက်ပေးနေသလို တော်လှန်ရေးစုပေါင်းတပ်ဘက်ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) တပ်ရင်း ၁၁ အပါအဝင် ၁၁၁၁ မိုးဗြဲ-ဖယ်ခုံ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် (Danu PDF) တပ်ရင်း ၁၀၀၃ တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆောင်းပြောင်းကျေးရွာအနီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေလည်း ရှိတယ်လို့ တော်လှန်ရေးအင်အားစု ရဲဘော်တဦးက ဆိုပါတယ်။
မတ် ၁၈ ရက်ကနေ ၂၂ ရက်အထိ ဖြစ်ပွားတဲ့ ဆောင်းပြောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ အသွင်ပြောင်း ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) တပ်သား အများအပြား ထိခိုက်ဒဏ်ရာရလို့ ကန်တာကားကြီးတွေနဲ့ တောင်ကြီးမြို့ကို ဆေးကုသဖို့ သယ်ဆောင်သွားတာကို တွေ့ခဲ့ရတယ်လို့ ပင်လောင်းမြို့ခံတွေက ပြောပါတယ်။