Home
မြန်မာသတင်း
မြန်မာမှ ရွှေ့ပြောင်းလာသူများအတွက် ယာယီနေထိုင်ခွင့် အမေရိကန်သက်တမ်းတိုးပေး
DVB
·
March 25, 2024
MyanmarProtest_25032024

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူတွေအတွက် ယာယီနေထိုင်ခွင့် သက်တမ်း တိုးမြှင့်ပေးလိုက်ကြောင်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူး အလက်ဇန်ဒရို မေယော်ကတ်စ်က မတ် ၂၂ ရက်မှာ ကြေညာပါတယ်။

အမေရိကန်အစိုးရက ယာယီနေထိုင်ခွင့် (TPS: Temporary Protected Status) ကို အခုနှစ် မေလ ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်အထိ ၁၈ လ သက်တမ်းတိုးပေးခဲ့တာ ဖြစ်ပါတယ်။

ယာယီနေထိုင်ခွင့်ဥပဒေဟာ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း စစ်ပွဲတွေကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ပြန်ဖို့ မဖြစ်နိုင်တဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ တရားဝင်နေထိုင်ဖို့နဲ့ အလုပ်လုပ်ဖို့ ခွင့်ပြုပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အကျိုးဆက်ကြောင့် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး မြန်မာနိုင်ငံသားတွေကို အန္တရာယ်ရှိစေခဲ့တယ်”လို့ အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစားအစာထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စီးပွားရေး တည်ငြိမ်မှုဆိုင်ရာတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ လက်ရှိ အမေရိကန်မှာ TPS နဲ့ ရောက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသား ၂၃၀၀ အပေါ် အကျိုးသက်ရောက်မှာဖြစ်ပြီး နောက်ထပ် မြန်မာနိုင်ငံသား ၇၃၀၀ ခန့်ကိုလည်း TPS လျှောက်ထားခွင့်ရစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၆၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၂ ဒသမ ၆ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်အာဏာရှင်တွေနဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် ၉၄ ဦးနဲ့ စီးပွားရေးလုပ်ငန်း ၅၅ ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားပါတယ်။

Source: Courthouse news/ Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013