မော်စကိုမှာ IS အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်အစိုးရကလည်း နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ အမြင့်ဆုံးအဆင့် သတိပေးချက်ကို မတ် ၂၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဂေဘရီယဲလ်အတ်တဲလ်က ထုတ်ပြန်လိုက်ပါတယ်။
သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ရှိသူတွေ အစည်းအဝေး အပြီးမှာ အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။
မြို့တော်ပါရီမှာ အိုလံပစ်အားကစားပွဲတော် မကျင်းပမီ လပိုင်းအလိုမှာ အခုလို ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်သတိပေးချက်ကို အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။
နိုင်ငံတွင်းမှာ ဒါမှမဟုတ် ပြည်ပမှာ အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပွားရင်၊ ဖြစ်လုဆဲဆဲ အခြေအနေ ရှိတယ်ဆိုရင် အမြင့်ဆုံးအဆင့် ထုတ်ပြန်လေ့ရှိပါတယ်။
ဒီလိုထုတ်ပြန်ရင် ဘူတာရုံတွေ၊ လေဆိပ်တွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေမှာ စစ်သားတွေ ကင်းလှည့်စောင့်ကြပ်တာလိုမျိုး လုံခြုံရေးအစီအမံတွေ တိုးမြှင့်ချထားလေ့ ရှိပါတယ်။
Source/Photo-Reuters