Home
မြန်မာသတင်း
မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ 
DVB
·
March 25, 2024
ANI-20240322170705

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ မတ်လ ၂၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်ကို နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း အိန္ဒိယအခြေစိုက် ANI သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ အကျိုးရှိမယ့်အရေးတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပေမဲ့ အသေးစိတ်ဆွေးနွေးတဲ့ အချက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက “မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အာလွန်ကဲအိုကစ်တီကွန်ကိုနဲ့ တွေ့ဆုံရတာ ဝမ်းမြောက်ကျေနပ်မိပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အကျိုးရှိစေမယ့် ဆွေးနွေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံသားတွေ အားလုံးကို ရခိုင်ပြည်နယ်ကနေ ထွက်ခွာကြဖို့နဲ့ ရခိုင်ပြည်နယ်ထဲကို မလာကြဖို့ အကြံပြု တိုက်တွန်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဟာဂျက်စ်ဝဲလ်က “လုံခြုံရေး အခြေအနေ ဆိုးရွားနေပြီး အရမ်းကိုထိလွယ်ရှလွယ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အကြံပြုချက်ကို ကျနော်တို့ ထုတ်ပြန်ထားပါတယ်။ အဲဒီမှာ ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေအားလုံး ပြန်လည်ထွက်ခွာကြဖို့နဲ့ မြန်မာနိုင်ငံ တခြားနေရာ ဒေသတွေမှာရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကိုလည်း ရခိုင်ပြည်နယ်ကို မသွားကြဖို့ တိုက်တွန်းအကြံပြုထားပါတယ်”လို့ မတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေအများအပြား ဖြစ်ပွားနေပြီး အခြေအနေက တည်ငြိမ်အေးချမ်းမှု လုံးဝမရှိဘူးလို့လည်း ရန်ဒီဟာဂျက်စ်ဝဲလ်က ပြောပါတယ်။

“ကျနော်တို့က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းစေချင်တယ်။ အကျိုးပြု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာစေချင်တယ်။ ဆွေးနွေးပွဲတွေနဲ့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှုတွေကနေတဆင့် အားလုံးပါဝင်သက်ဆိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေချင်တယ်။”

မြန်မာနိုင်ငံထဲမှာ မြို့တချို့နဲ့ စစ်စခန်းတချို့ကို သိမ်းယူနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုမိုဆိုးရွားလာချိန်မှာ အိန္ဒိယဝန်ကြီးက အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ရဲ့ ဒီတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ မှတ်ချက်ပေးခဲ့ကြပါတယ်။

မနှစ်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးဆက်အဖြစ်  အိန္ဒိယစီးပွားရေးစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားပြီး ရက္ခိုင့်တပ်တော် (AA) တပ်တွေက မြို့တွေအတော်များများကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီ တပ်ဖွဲ့တွေလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ 

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွေမှာလည်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံသားအမြောက်အမြား အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

Source:ANI

Photo Credit: Dr S. Jaishankar X

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013