Home
မြန်မာသတင်း
အမှန်တကယ်မခေါ်ဘဲ Demand Letter ဖြင့် အလုပ်သမားများထံ ငွေလိမ်သည့် အေဂျင်စီများကို အရေးယူမည်
DVB
·
March 20, 2024
MyanmarLabor_20032024

တဖက်နိုင်ငံရှိ အလုပ်ရှင်က အမှန်တကယ်ခေါ်ယူဖို့မရှိတဲ့ Demand Letter တွေကို ပြကာ အလုပ်သမားတွေဆီက ငွေလိမ်လည်နေတဲ့ အေဂျင်စီတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေး ဦးစီး​ဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။

အေဂျင်စီတချို့ရဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကို Demand Letter တင်ပြမှုအပေါ် သက်ဆိုင်ရာသံရုံးကို စိစစ်ဖို့ ပေးပို့ချိန်မှာ စိစစ်ခံမှုမရှိတာ၊ ထောက်ခံချက် သွားမယူတာတွေ ရှိပြီး သက်ဆိုင်ရာသံရုံး​ဆီ အကြောင်းကြားတဲ့စာကို အေဂျင်စီထံ မိတ္တူပေးပို့တဲ့စာကို အခွင့်ကောင်းယူကာ အလုပ်သမားတွေဆီက ဝန်ဆောင်ခ ကောက်ယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားတွေက အချိန်မီ ပြည်ပမထွက်ခွာရလို့ အေဂျင်စီထံ ဆက်သွယ်ရာမှာ ဦးစီးဌာနက ခွင့်မပြုသေးတာကြောင့် မစေလွှတ်နိုင်တဲ့ပုံစံနဲ့ လွှဲချတဲ့ အပြုအမူတွေ လုပ်ဆောင်နေတာကို စိစစ်တွေ့ရှိရပြီး အထူးသဖြင့် မလေးရှား Demand Letter တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အလုပ်ရှင်က အမှန်တကယ် ခေါ်ယူမှာမဟုတ်တဲ့ Demand Letter တွေကို ဦးစီးဌာနဆီ တင်ပြီး ငွေကြေးလိမ်လည် ကောက်ခံနေတဲ့ အေဂျင်စီတွေကို စိစစ်တွေ့ရှိရင် ထိရောက်စွာ အရေးယူခံရမယ်ဆိုပြီး သတိပေးထားတာပါ။

အဲဒီလို Demand Letter တွေနဲ့ အလုပ်သမားတွေဆီက ငွေကောက်ယူတာဟာ အေဂျင်စီတချို့က ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်သလို တချို့အေဂျင်စီတွေကတော့ တဖက်နိုင်ငံက ချိတ်ဆက်ထားတဲ့ အေဂျင်စီရဲ့ ကမ်းလှမ်းစာအတုတွေ ရရှိတာကြောင့်လည်း ပါတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “တမင်လိမ်တဲ့သူလည်းရှိတယ်။ တချို့အေဂျင်စီတွေက သူတို့ကိုယ်တိုင် အလိမ်ခံရ​တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြားက အလုပ်သမားကပဲ နစ်နာရတာ” လို့ ပြောပါတယ်။

လက်ရှိ ပြည်ပထွက်ခွာဖို့အတွက် အလုပ်သမားတချို့ဟာ ငွေကြိုသွင်းထားရပြီး တနှစ်နီးပါး မသွားရဘဲ စောင့်ဆိုင်းနေရတဲ့ ဖြစ်ရပ်တွေ များစွာရှိနေတယ်လို့လည်း ကာယကံရှင် အလုပ်သမားတချို့က ဆိုပါတယ်။

ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတဦးက “ကျနော်တို့ဆိုရင် တနှစ်ခွဲပြည့်တော့မယ်။ သူတို့ အေဂျင်စီရဲ့ လုပ်ဆောင်မှုတွေ နှောင့်နှေးနေတာကို အလုပ်သမားဝန်ကြီးဌာနက တယ်လီဂရမ်ချမပေးလို့ ကြာနေသလိုလို ပြောနေတာ” လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ သတိပေးကြေညာချက် ပို့စ်အောက်မှာ မှတ်ချက်ရေးသားထားပါတယ်။

လက်ရှိ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်ပြုထားတဲ့ အေဂျင်စီအရေအတွက် ၅၀၀ ကျော်ရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် အေဂျင်စီအသစ် ၂၀၀ ကျော် တိုးလာတာ ဖြစ်ပါတယ်။

အဲဒီလို အေဂျင်စီအရေအတွက် အဆမတန် တိုးလာပြီးတဲ့နောက် ပြည်ပအလုပ်သမား စေလွှတ်ရေး ကိစ္စရပ်တွေမှာ ပြဿနာတွေလည်း မကြာခဏ ဖြစ်ပေါ်လာတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013