Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် လူငယ်များအား စစ်မှုထမ်းရန် အပ်နှံသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု ရေးဘီလူး သတိပေး
DVB
·
March 20, 2024
MonState_20032024

မွန်ပြည်နယ်အတွင်းမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို စစ်ကောင်စီထံအပ်နှံတဲ့ အုပ်ချုပ်ရေးမှူး တဦးစီတိုင်းကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ရေးဘီလူးက မတ် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဆင့်ခေါ်စာတွေနဲ့ ခေါ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို တရားဥပဒေတခုနဲ့ အရေးယူသွားမယ်လို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်ကလိုက်ပြီး လူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အပြင် မထမ်းဆောင်ရင် အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောနေတယ်လို့ ကြားသိထားပါတယ်။ အဲ့လို စစ်မှုထမ်းဖို့ အဓမ္မလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ တရားဥပဒေတခုနဲ့ အရေးယူသွားမှာပါ။”

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံခြားတွေကို ကူးပြောင်းသွားမယ့်အစား ပြည်သူတခုလုံး လိုအပ်တဲ့ ဒီမိုကရေစီ ရရှိဖို့အတွက် စစ်အာဏာရှင်ကို တိုက်ထုတ်သင့်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထံ စစ်မှုမထမ်းဖို့အတွက် လူငယ်တွေအနေနဲ့ မိမိတို့လွတ်မြောက်ရာလမ်းကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ကျိုက်ထိုမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

“လူငယ်‌တွေအနေနဲ့ စစ်မှုထမ်း ရှောင်ဖို့အတွက် ခုကတည်းက ဘာလုပ်သင့်လဲဆိုတာ စဉ်းစားသင့်တယ်။ တော်လှန်ရေးအဖွဲ့ထဲဝင်ပြီး လက်နက်ကိုင်မှာလား၊ လွတ်မြောက်နယ်မြေမှာ ခိုလှုံအဖြစ် နေချင်တာလား၊ ဒါမှမဟုတ်လည်း နိုင်ငံခြားထွက်မှာလား၊ တခုခု ကြိုတင်ပြင်ဆင်ထားသင့်တယ်။”

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ် ၁၅၀ ကျော် ရေးဘီလူး‌လက်အောက်ကို ဝင်ရောက်လာခဲ့ပြီး စစ်ပညာ သင်ကြားနေပါတယ်။

မွန်ပြည်နယ်အတွင်း မြို့နယ်တချို့က ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ မဲနှိုက်ပြီး ဆင့်ခေါ်စာတွေ‌ ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013