Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို အဓမ္မဆန္ဒပြခိုင်း
DVB
·
March 20, 2024
RohingyaProtest_20032024

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူမျိုးတွေက “AA အလိုမရှိ"၊ “စစ်ပွဲအလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

မတ် ၁၉ ရက်က စစ်ကောင်စီတပ်ဘက်ကနေ ကား ၁၀ စင်းနဲ့ ဘူးသီးတောင်မြို့ ပတ်လည်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ရိုဟင်ဂျာလူမျိုးတွေကို ခြိမ်းခြောက် အကျပ်ကိုင်ပြီး ဆန္ဒပြခိုင်းခဲ့တာလို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုရိုနေဆန်းလွင်က DVB ကို ပြောပါတယ်။

“မြို့ပေါ်မှာ ဆန္ဒပြခဲ့ပေမဲ့ မြို့ပေါ်ကလူတွေ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်က ရွာတွေကနေ ကား ၁၀ စီးနဲ့ ခေါ်လာပြီး မြို့ပေါ်မှာ ဆန္ဒပြခိုင်းတာပါ။ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကတည်းက ဆိုင်းဘုတ်တွေ စီစဥ်ပေးထားတယ် ကြားတယ်။ ဆန္ဒပြပွဲမလိုက်ရင် အိမ်တွေမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေလည်း ​ရှိတယ်လို့ ကြားရတယ်။”

ဒေသခံတွေဆန္ဒပြဖို့ စစ်တပ်က စေခိုင်းတယ်ဆိုတာ သိပေမဲ့လည်း စိုးရိမ်ပူပန်နေကြပြီး စစ်ကောင်စီတပ်ဟာ မြေပြင်မှာ ရှုံးနိမ့်နေတာကြောင့် လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးနေတာသာ ဖြစ်တယ်လို့ ကိုရိုနေဆန်းလွင်က ဆက်ပြောပါတယ်။

“မြို့ပေါ်ကလူတွေကတော့ တော်တော်လေးကို စိုးရိမ်ပူပန်နေကြတယ်။ အခုလို ဆန္ဒပြတာတွေက တကယ်ကို နားလည်မှုလွဲနိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်ကောင်စီက ဖိအားပေး၊ စီစဥ်တယ် ဆိုတာတော့ လူတိုင်းလိုလို သိကြပါတယ်။ အရင်က နားလည်မှုလွဲတာတွေကြောင့် ဖြစ်ပျက်ခဲ့တာရှိတော့ စိုးရိမ်နေကြတာပေါ့။ စစ်တပ်က မြေပြင်မှာ ရှုံးနိမ့်နေတာကြောင့် နည်းလမ်းမျိုးစုံသုံးပြီး လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးဖို့ ကြိုးစားပါမယ်။ အဲလိုဖြစ်လာမှ စစ်တပ်က အနေချောင်မှာ ဖြစ်တာကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ၊ စစ်မြေပြင်မှာ လူသားဒိုင်းလို အသုံးချနေတာတွေ လုပ်နေခြင်းဖြစ်ပါတယ်။”

အဆိုပါဆန္ဒပြပွဲ ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေကို ဟန်ငြိမ်းဦး၊ ဘညွန့်၊ မန်ဆူအောင်မြေ စတဲ့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက အဓိကဖြန့်နေပြီး ဖုန်းလိုင်းတွေ မရရှိတာကြောင့် မြေပြင်ဒေသခံတွေကို ဆက်သွယ်လို့ မရရှိတာကြောင့် ဆန္ဒပြပွဲ အကြောင်းရင်းကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မောင်တောခရိုင်ထဲမှာ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲတွေစတင်ပြီး ရက်အနည်းငယ်မှာပဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013