ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ တရုတ်နိုင်ငံသားတဦးထံမှ ဘတ် ၃ သန်းကျော် တန်ဖိုးရှိ တရားမဝင် နာမည်ကြီး အမှတ်တံဆိပ် ရေမွှေးမျိုးစုံ ဖမ်းဆီးရမိတယ်လို့ ထိုင်းအကောက်ခွန်ဌာနက မတ် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီမတိုင်ခင် ရှေ့က အွန်လိုင်းနဲ့ Shopee အပလီကေးရှင်းမှာ နာမည်ကြီး အမှတ်တံဆိပ် ရေမွှေးတွေကို သာမန်ထက် ဈေးနှုန်းချိုသာစွာ ကြော်ငြာရောင်းချနေတာ တွေ့ရတဲ့အတွက် ထိုင်းအကောက်ခွန်ဌာနက အဆိုပါပစ္စည်းတွေကို ဝယ်ယူစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ ပစ္စည်းတွေဟာ မူရင်းမဟုတ်တဲ့အပြင် တရားဥပဒေနဲ့အညီ အခွန်ဆောင်ထားခြင်း မရှိတာကြောင့် ပစ္စည်းဂိုဒေါင်ရှိရာကိုပါ စစ်ဆေးခဲ့တယ်၊ အဲဒီဂိုဒေါင်ဟာ ချင်းမိုင်ခရိုင်မှာ ရှိတယ် ဆိုတာကြောင့် ပြီးခဲ့တဲ့ မတ် ၁၅ ရက်က ဒွိုင်စကစ်မြို့နယ် ဆန်ပူးလွေးရပ်ကွက်ရှိ နေအိမ်တလုံးကို သွားရောက် ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေအိမ်မှ ဘတ် ၃ သန်းကျော် တန်ဖိုးရှိ Chanel, Giorgio Armani, Dior, Gucci, Tomford, Coco စတဲ့ နာမည်ကြီးအမှတ်တံဆိပ် ရေမွှေးပေါင်းစုံကို ဖမ်းဆီးရမိခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် Mr Zhang က အဲဒီပစ္စည်းတွေကို တရုတ်နိုင်ငံကနေ မှာယူတင်သွင်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။
Mr Zhang ကို တရားမဝင်အလှကုန်ပစ္စည်းများ တင်သွင်းရောင်းချမှု၊ ပစ္စည်းတွေကို အခွန်ဆောင်ဖို့ ပျက်ကွက်မှုတွေနဲ့ အရေးယူသွားမယ်လို့ အကောက်ခွန် တာဝန်ရှိသူက ပြောသွားပါတယ်။
Source: ChiangMaiNews