Home
မြန်မာသတင်း
မြန်မာစစ်ဘေးရှောင်များ ခိုလှုံရန် ထိုင်းက စစ်ရှောင်ကူညီရေးစင်တာများ မဖွင့်လှစ်သေး
DVB
·
March 20, 2024
vit 2032024

မြန်မာ စစ်ဘေးရှောင်တွေ ခိုလှုံနိုင်ဖို့ စစ်ဘေးဒုက္ခသည်ကူညီရေးစခန်း  ၃ ခုကို ထိုင်းဘက်ခြမ်း မဲဆောက်နဲ့ မြန်မာဘက်အခြမ်းမှာ ဆောက်လုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောထားပေမဲ့ အခုအချိန်အထိ ဖွင့်လှစ်ထားတာမရှိဘူးလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကတဆင့် စစ်ဘေးရှောင် အရေအတွက် ၂၀၀၀၀ ကို ထိုင်းအစိုးရက လူသားချင်းစာနာမှုအကူအညီပေးမယ့် အစီအစဉ်ကို မတ် ၂၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မဲဆောက်နဲ့ မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ကြက်ခြေနီအသင်းတွေကတဆင့် အကူအညီသွားမယ်လို့လည်း ဆိုပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့  မကြာခင် ထိုင်း-မြန်မာ နယ်စပ်နေရာ ၃ ခုမှာ  လူပေါင်း ၂၀,၀၀၀ ဆံ့တဲ့ စစ်ရှောင်ကူညီရေးစင်တာ ၃ ခု ဖွင့်လှစ်မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပြောဆိုထားပေမဲ့ ဒီကနေ့အထိ လက်ခံဖွင့်လှစ်ထားတာ မရှိသေးပါဘူး။

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဆိုတဲ့အတိုင်း နယ်စပ်စ ည်းရိုးတလျှောက် ထားတာ။ သူတို့ရဲ့လုံခြုံရေး အစီအမံ အကာအကွယ်အောက်မှာ ထားတာဖြစ်တဲ့အတွက် အခုတော့  လူသားချင်းစာနာ ထောက်ထားမှုစခန်းတွေက ဆောက်နေဆဲပဲ။ အဲဒီစခန်းတွေမှာ တရားဝင် လက်ခံထားတဲ့ ဒုက္ခသည်မကြားမိ မသိရှိဘူး။  ဒါ့ကြောင့်မို့လို့  ထိုင်းဘက်က တရားဝင် ဖွင့်လှစ်ပြီးတော့ လက်ခံထားတဲ့ စခန်းရယ်လို့ မရှိဘူး” လို့ ပြောပါတယ်။

ထိုင်းဘက်က ပေးမယ့် အကူအညီတွေကို ထိုင်းနဲ့မြန်မာ ကြက်ခြေနီအသင်းတွေ ပူးပေါင်း ကူညီမှာဖြစ်ပြီး အဲဒီအကူအညီတွေ သက်ဆိုင်သူတွေနဲ့ ထိတွေ့ ဆက်ဆံတာ မရှိလို့ ထိရောက်မှု မရှိနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ 

စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  မဲကနယ်၊ ဝှေ့ရှမ်း၊ ရွာသစ်၊ မြစန္ဒီ၊ သင်္ကန်းညီနောင်ကျေးရွာက သောင်းနဲ့ ချီတဲ့ဒေသခံတွေဟာ တော တောင်တွေအပြင် နီးစပ်ရာဆွေမျိုးတွေရှိရာ မြဝတီ၊ ရွှေကုက္ကိုနဲ့ မြန်မာထိုင်းနယ်စပ်အနီး သေ့ဘောဘိုး၊ ဖလူး ဒုက္ခသည်စခန်းတွေကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရပါတယ်။

စစ်ရှောင်တယောက်က “မဲကနယ်က စစ်ရှောင်တွေက မဲကနယ်အပြင် တောတောင်ထဲ ပြေးတယ်။ ညီနောင်၊ ရွာသစ်၊ ဝှေ့ရှမ်း၊ မဲ့ပလဲ့တို့ကြားတာက တချို့မြဝတီဘက်လည်း ပြေးတယ်။ တချို့ကတော့ ရွှေကုက္ကိုဘက် ထွက်ပြေးရတယ်။ တချို့ကတော့ ထိုင်းဘက်ရောက်ရင်လည်း ရောက်မယ်။ သေ့ဘောဘိုး၊ ဖလူး ဒုက္ခသည်စခန်းတွေဘက် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာကုန်း၊ မဲသရောထစခန်းနဲ့ ဂျိုးဖြူချက်ပွိုင့်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

စစ်ရှောင်ပြည်သူတွေ နေ့တိုင်းလိုလို တိုးများလာတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ရှောင်ထဲက အများနဲ့နေရတဲ့သူတွေက အဆင်မပြေဘူး။ တချို့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေက နာမည်နဲ့လိုက်ပြီး ရရင်ရသလို တချို့စခန်းတွေက အလှူရှင်တွေ မသိကြဘူး၊ အခက်အခဲဖြစ်တယ်။ စစ်ဘေးရှောင်စခန်းတွေက တအားများသွားတော့ မလုံလောက်ဘူး၊ အဆင်မပြေဘူး။ အစုအဖွဲ့နဲ့လုပ်နေရတော့ အဆင်မပြေလည်း နေဆိုတဲ့ ပုံစံနဲ့ အခိုက်အတန့်မှာ  နေနေရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း ရခိုင်ပြည်နယ် ကရင်နီပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ် စစ်ကိုင်းတိုင်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် တိုးလာပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

ကလေးငယ် ၆ သန်းအပါအဝင် မြန်မာနိုင်ငံရဲ့ လူဦးရေး ၁၈ သန်းခွဲကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ယူနီဆက်ဖ်က မတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013