ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြို့တောင်ပိုင်းမှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေဟာ သီးနှံတွေကို မရောင်းချနိုင်ဘဲ ကောက်ခံတဲ့အခွန်တွေကို ပေးဆောင်ဖို့လည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကုန်ပစ္စည်းတွေကို သယ်ယူဖို့ စစ်ကောင်စီက လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ထားတဲ့အတွက် ပြောင်း၊ ငရုတ်၊ မြေပဲ၊ ပဲစင်းငုံနဲ့ ကော်ဖီသီးနှံ အများအပြားကို ရောင်းချလို့မရဘဲ ရှိနေတာပါ။
နောင်ဘိုရွာခံ အမျိုးသားတဦးက “ပဲစင်းငုံတွေဆိုရင် အကုန်ခူးသိမ်းပြီးပြီ၊ ရောင်းဖို့ပဲကျန်တာ။ အခုထိ မရောင်းရသေးဘူး။ အိမ်ရှေ့မှာအပုံလိုက်ပဲ၊ ပြောင်းတွေလည်း ပိဿာချိန်ရာနဲ့ချီ၊ ထောင်နဲ့ချီ၊ အခုထိ မရောင်းရသေးဘူး။ မြောက်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်၊ တောင်ဘက် လွိုင်ကော်မှာလည်း အခုထိ စစ်ဖြစ်နေတုန်းပဲ။ ကျနော်တို့က ဘယ်ကနေမှ ထွက်လို့မရဘူး။ ဟိုတခါသွားတာတောင် နင်တို့ခေါင်းကို ပစ်ထည့်လိုက်ရမလားဆိုပြီး ဆဲတယ်။ အခွန်ကျတော့ နှစ်ဖက်တပ်လုံး၊ PNLA တပ်ရော PNA ရော၊ စစ်အသုံးစရိတ် ကောက်လိုက်၊ လူခေါ်လိုက်၊ အဲဒါတွေကိုပေးဖို့က သီးနှံတွေ ရောင်းရမှဖြစ်မှာ။ လူတွေ အကုန်စစ်ရှောင်ရင်လည်း ရွာမှာ ကျွဲတွေ၊ နွားတွေ ကျန်ခဲ့မှာ” လို့ ပြောပါတယ်။
ဆီဆိုင်မြို့နဲ့ ဝေးကွာပြီး ထွက်ဖို့လမ်းကြောင်းရှိတဲ့ ကျေးရွာတချို့မှာတော့ စစ်ရှောင်တွေက ပြောင်းတွေကို အသက်စွန့် ပြန်သယ်ကြပြီး တခြားမြို့ရွာမှာ ဈေးပေါပေါနဲ့ ပြန်လည်ရောင်းချကြရပါတယ်။
“တချို့ဆို စစ်ရှောင်သွားကုန်တာလေ၊ အိမ်မှာက ပြောင်းတွေ ပိဿာချိန် ထောင်နဲ့ချီ ကျန်ခဲ့တယ်။ ရွာထဲကို လက်နက်ကြီးကျတာ၊ လေယာဉ်ကနေ ဗုံးကြဲတာဆိုရင် မီးလောင်ရင် အဲဒီီသီးနှံတွေအကုန်ပဲ၊ တနှစ်လုံး စိုက်လာတာ၊ ဘာမှပြန်မရဘူး။ သူများအရင်းအနှီးနဲ့ စိုက်ထားတာဆိုတော့ အကြွေးတောင်တင်သေးတယ်။ အဘိုး အဘွားတွေဆို ဆံထိုးတွေ၊ လက်စွပ်တွေ တောင်ကြီးတို့ နောင်ကားမှာ သွားရောင်းပြီး အခွန်ဆောင်ရတယ်” လို့ လုံးဖိုးရွာနေ အမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ နေရပ်ပြန်ပြီး ပြောင်းအိတ်သယ်တဲ့ အရပ်သားတွေကို စစ်ကောင်စီက ကင်းထောက်ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။
ဆီဆိုင်တောင်ဘက် ကျေးရွာတွေမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ ၅ လနီးပါးရှိနေပြီလို့ သိရပါတယ်။