Home
မြန်မာသတင်း
တောင်ကြီးတွင် စစ်မှုထမ်းခိုင်းရန် မဲနှိုက်ခေါ်ယူနေသဖြင့် ပြည်သူများ စိုးရိမ်နေ
DVB
·
March 19, 2024
taung 1932024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်မှာ မတ် ၁၇ ရက်ကစပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို မဲနှိုက်ရွေးချယ်နေတဲ့အတွက် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ရပ်ကွက်အလိုက် ဖောင်ဖြည့်ခိုင်းတာ၊ အိမ်ထောင်စုစာရင်းမှာပါတဲ့ အသက်ပြည့်လူငယ်တွေရဲ့ နေအိမ်အထိ လိုက်လံစာရင်းကောက်တာ၊ ရပ်ကွက်ရုံးကို ဆင့်ခေါ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံကြီး၊ ပြည်တော်သာ၊ ညောင်ဖြူစခန်း၊ စိန်ပန်း၊ ဈေးပိုင်း ကျောင်းကြီးစု၊ ရတနာသီရိ ရပ်ကွက်တွေကတော့ လူ ၆၀ အထိ ခေါ်ယူနေပြီး ကျန်တဲ့ရပ်ကွက်တွေက ၁၀ ဦးအောက် ခေါ်ယူမယ်လို့ ရပ်ကွက်အလိုက် ညွှန်ကြားစာအရ သိရပါတယ်။

မြို့ခံတဦးက “ကျနော်တို့ အလက ၉ ကျောင်းမှာ မဲနှိုက်ခဲ့ရတယ်။ မဲက ၁ ၂ ၃ ဆိုပြီး သုံးမျိုးပဲ၊ နံပါတ် ၁ ပေါက်ရင် နှစ်ရက်အတွင်းခေါ်တယ်၊ ၂ ဆိုရင် နှစ်လနေမှ၊ ၃ ကလည်း သုံးလလောက်မှ ခေါ်မှာလို့ အုပ်ချုပ်ရေးမှူးတွေ ပြောတယ်။ နံပါတ် ၁ ပေါက်သွားတဲ့တယောက်ဆို အဲ့နေရာမှာပဲ ထိုင်ငိုတော့တာ” လို့ ပြောပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအဆင့်တွေအထိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နဲ့ စာရင်းကောက်ယူရေးအဖွဲ့တွေက ဆောင်ရွက်သွားမှာလို့ မြို့နယ်ထွေအုပ်ရုံးက စာထုတ်ပြန်ထားပါတယ်။

ပြည်တော်သာရပ်ကွက်နေ အမျိုးသားတဦးက “လက်ရှိက ပြည်တော်သာကို တအားခေါ်တာ။ ဘယ်လောက်များ ပိုက်ဆံတွေ မတရားပေးရပြီး လူစားတွေလဲရမလည်း မသိဘူး။ လာဘ်ထိုးရတယ်။ သိန်း ၁၀၀ အထိ ပေးရတယ်လို့ ကြားတာပဲ။ စိတ်ညစ်တယ်၊ စာရင်းကပါနေတာ့ ကိုယ်ပေါက်သွားရင်လည်း မကောင်း၊ တခြားသူပေါက်သွားရင်လည်း မကောင်း၊ မဲမပေါက်လို့ ပျော်တဲ့သူလည်း မရှိပါဘူး။ စစ်မှုထမ်းတာက တနည်းမဟုတ်တနည်းနဲ့ ထပ်ခေါ်ဦးမှာလေ” လို့ ပြောပါတယ်။

လာမယ့်ဧပြီလကစပြီး တကြိမ်ကို လူ ၅,၀၀၀ နှုန်းနဲ့ လစဉ် စုဆောင်းသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်မှုထမ်းဖို့ ပျက်ကွက်ရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့လည်း ရပ်ကွက်ထဲမှာ ထပ်မံသတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013