စစ်ကိုင်းတိုင်း ကနီနယ်နဲ့ ထီးချိုင့်မြို့နယ်တို့ကို စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ပြန်ကြိုးစားနေပြီး ကျေးရွာတွေဘက်ကို ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကနီနယ်မှာ PDF ပူးပေါင်းအဖွဲ့တွေက မတ် ၂ ရက်ကနေ ၁၂ ရက်အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၁ ရက်ကြာ မြို့ကို ထိန်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မတ် ၆ ရက်မှာ မြို့ကို သိမ်းနိုင်လုနီးပါးဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ တပ်သားစစ်ကူတွေ ထပ်ပို့ခဲ့ပြီး အချိန်တပတ်ကျော်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် PDF တွေက ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စစ်ရေးမတည်ငြိမ်တာ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အချိန်နဲ့တပြေးညီ စစ်ကြောင်းသတင်းတွေ မရတော့ဘဲ ဒေသခံ ပြည်သူတွေဟာ ဦးတည်ရာမဲ့ ထွက်ပြေးရတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ ပြေးဖို့ရာအတွက် အထုပ်ပြင်နေတယ်။ ထူးကနေပြီးတော့ ဖြတ်လာပြီးတော့ အင်တိုးချောင်း ကျောက်တံခါးဘက်ပေါ့။ အဲဒီဘက်ကနေ အင်းမော် တက်တယ်လည်း ကြားတယ်။ ကျောက်တံခါးဘက်လည်း ကြားတယ်။ အင်းမော် နဂါးရုံဘက် တက်တယ်လို့လည်း ထွက်တယ် သတင်းနှစ်ခွဖြစ်နေတယ်။ ဘယ်ရွာတွေလဲဆိုတော့ ထူးဒီဘက်က စတာပေါ့ တောင်ပေါက်၊ စလင်း၊ ယာကြီး၊ အင်းမော်ကကျတော့ ကြက်မိုင်းတို့ အနိုင်းတောတို့ အောင်သမာဓိတို့ပေါ့။ လူငယ်တွေ ဖမ်းသွားတယ်လို့ ကြားတယ်။ ၇ ယောက် ၈ ယောက်လောက်ရှိမှာတဲ့ ဆွဲထားတယ်ပေါ့။ ထူးရော လမ်းမှာတွေ့တဲ့ လူငယ်တွေရောပေါ့ အဲဒီလိုမျိုး။”
ထီးချိုင့်မြို့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က အကျအဆုံး များခဲ့ပေမယ့် တပ်သားတွေ ထပ်ပို့နေပြီး မြို့ကို လက်လွှတ်မယ့် အလားအလာမရှိသေးဘူးလို့ ထီးချိုင့် ပအဖ တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၃ နိုဝင်ဘာ ၈ရက်နေ့ကစပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားခဲ့တဲ့ ထီးချိုင့်မြို့မှာတော့ တမြို့လုံးနီးပါး အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့ပြီဖြစ်ပေမဲ့ စစ်ကောင်စီက မြို့နေရာကို လက်လွှတ်မယ့်အခြေအနေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ဧရာဝတီမြစ်တဖက်ကမ်း မြတောင်ကျေးရွာအုပ်စုဘက်က ထောက်ပို့လမ်းကြောင်းနဲ့ လေကြောင်းက လက်နက်ရိက္ခာ ထောက်ပို့တဲ့ နည်းလမ်းတွေကို ဆက်လက်အသုံးပြုနေတာပါ။
ထီးချိုင့်ပအဖတာဝန်ရှိသူတဦးက "အထိမနာအောင်လုပ်တဲ့ ပုံစံမျိုးနဲ့ ေ-ခွးတွေကို အမိန့်ပေးတဲ့ပုံစံမျိုးနဲ့ သွားနေတာဗျ။ ထီးချိုင့် ေ-ခွးသေနှုန်းက မနည်းဘူးဗျ။ ပကဖက ပိုတိတိကျကျသိမှာပေါ့လေ အများကြီးပဲ။ အဲဒါကို သူက ထပ်ထပ်ပို့တာပေါ့။ ဘယ်လိုပြောမလဲ လုံးဝမပေးဘူး၊ ကျနော်တို့ထီးချိုင့်ကို။ ကောလင်းတို့ ထီးချိုင့်တို့က သူကပေးမှာမဟုတ်ဘူးလေ။ ပြည်နယ်တွေကိုတော့ ပေးချင်ပေးလိမ့်မယ်၊ ဒီတိုင်းတွေကိုတော့ သူတို့ နောက်ဆုံးလုပ်မှာပဲ။"
အချိန် ၄ လကျော် ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထီးချိုင့်မြို့နယ်မှာ နေထိုင်တဲ့ပြည်သူ ၁ သိန်းကျော်ဟာ တနေ့တခြား စားဝတ်နေရေး ပိုကျပ်တည်းလာပါတယ်။ ထီးချိုင့်မြို့ဟာ တောင်ကြောတွေကြားမှာ တည်ရှိတဲ့မြို့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် တောင်ရိုးတွေပေါ် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေနဲ့ လွင်ပြင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေ နှစ်ခြမ်းကွဲခဲ့ပါတယ်။
ထီးချိုင့်ဒေသခံအမျိုးသမီးတဦးက “ဒီမြို့ကြီးကို ပြာကျအောင် လုပ်လိုက်တော့ ဒီမြို့သူမြို့သားတွေက ကြောက်ပါပြီလို့ ပြောမလား၊ မုန်းတာပဲ အဖတ်တင်တာပဲ။ ကျမတို့ဆို စိတ်နာတာပေါ့နော်၊ သူတို့က ဆင်ခြင်တုံတရားမရှိတဲ့အပြင် တမင် မြို့လေးနဲ့မစာ လာတဲ့ လေယာဥ်က နည်းတာမဟုတ်ဘူး၊ ချလိုက်တဲ့ လက်နက်ကလည်း နည်းတာမဟုတ်ဘူး။ ကျမတို့ရဲ့ မြေရဲ့တန်ဖိုးနဲ့ သူတို့ချလိုက်တဲ့ တန်ဖိုးကတောင် ကြီးနေဦးမယ်။ အဲဒီတော့ ကျမတို့က ကြောက်ပြီလားလို့ မေးရင် မကြောက်တဲ့အပြင် မုန်းတောင်မုန်းနေသေးတယ်လို့ ပြောလိုက်ချင်တယ်” လို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်ကိုင်းတိုင်းတခုလုံးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။
မြေပြင်စစ်ရေး အသာစီးမယူနိုင်တော့တာကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူတွေ ဆက်တိုက်အသုံးပြုပြီး ဗျူဟာအရ အရေးပါတဲ့နေရာတွေကို ထိန်းနေတာဖြစ်ပါတယ်။
ကနီမြို့ဟာ ချင်းတွင်းမြစ်ရိုး ရေလမ်းခရီးမှာ အရေးပါသလို၊ ထီးချိုင့်မြို့ဟာလည်း စစ်ကိုင်း ကချင်နယ်စပ်မှာ အရေးပါနေပြီး အဲဒီဒေသတွေကို လက်လွှတ်ရရင် စစ်ကောင်စီက ပြန်သိမ်းနိုင်ဖို့ မလွယ်တော့တဲ့ အခြေအနေဖြစ်ပါတယ်။
သုတချမ်းသာ