Home
နိုင်ငံတကာ
ဂါဇာရှိ ကိုယ်ဝန်ဆောင်များ ပုံမှန်အရွယ်ကလေးများ မမွေးနိုင်တော့ဟု ကုလအရာရှိပြော
DVB
·
March 17, 2024
Gaza Women Kids_17032024

စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ ကပ်ဆိုးကြီးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေကြရပြီး ပုံမှန်ရှိသင့်တဲ့ အရွယ်အစား မွေးကင်းစကလေးတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အရာရှိတယောက်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။ 

လူဦးရေဆိုင်ရာ ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့ UNFPA ရဲ့ ပါလက်စတိုင်းဆိုင်ရာ ကိုယ်စားလှယ် ဒေါမနစ်ခ် အယ်လန်က အခုသီတင်းပတ် အစောပိုင်းမှာ ဂါဇာကမ်းမြောင်ကနေ ထွက်ခွာပြီးနောက် ဂျေရုဆလင်က ဗီဒီယိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

“ဆရာဝန်တွေက ပုံမှန်အရွယ်အစားနဲ့ ကလေးတွေကို မတွေ့ရတော့ဘူးလို့ သတင်းပို့တယ်၊ ဝမ်းနည်းစရာကောင်းတာက သူတို့ မြင်နေရတာတွေက အသေလေးတွေ မွေးထွက်လာတဲ့ ကလေးငယ်တွေ၊ မွေးကင်းစမှာပဲ သေဆုံးသွားကြတဲ့ ကလေးတွေ ဖြစ်ကြပြီးတော့ အဲဒီကလေးတွေဟာလည်း အာဟာရချို့တဲ့မှု၊ ရေဓာတ် ခန်းခြောက်မှုနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်ကုန်ကြလို့ သေဆုံးရတာဖြစ်တယ်။” 

ဂါဇာရှိ အမျိုးသမီးနဲ့ မိန်းကလေးပေါင်း ၁ သန်းကျော်အတွက် အလွန်ထိတ်လန့်စရာကောင်းပြီး အထူးသဖြင့် နေ့စဉ် ကလေးမီးဖွားနေတဲ့ အမျိုးသမီး ၁၈၀ အတွက် အလွန်စိုးရိမ်မိကြောင်း အယ်လန်က ပြောပါတယ်။ 

မကြာသေးခင်က အစီရင်ခံစာတစ်ခုထဲမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးဖို့ လိုအပ်နေတဲ့အခြေအနေမှာ မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်ချိန် စစ်ဆေးမှုနဲ့ မီးဖွားပြီးချိန် စစ်ဆေးမှုတွေကို မခံယူရတာကြောင့် မတ်လမှာ မွေးဖွားလာမယ့် အမျိုးသမီး ၅,၅၀၀ ရဲ့ ကလေးငယ်တွေဟာ သေဆုံးနိုင်ခြေ ရှိနေတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေးထားပါတယ်။

UNFPA ရဲ့ အစီရင်ခံချက်အရ ပူပင်သောကဟာ လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေပါတယ်။ 

Source/Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013