Home
မြန်မာသတင်း
ရန်ကုန်၌ တက္ကသိုလ်ဝင်စာမေးပွဲအပြီး လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြန်ပြတ်
DVB
·
March 17, 2024
EPC cutout_17032024

ရန်ကုန်မြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲအပြီး ဒီနေ့နေ့လယ်ပိုင်းမှာ လျှပ်စစ်မီးပြတ်တောက်သွားပြီး အရင်လိုပြန်ဖြစ်မှာကို စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပခင် ရက်ပိုင်းအလိုကစပြီး ရန်ကုန်မြို့ရှိ မြို့နယ်အများစုမှာ မီးပြတ်ချိန်နည်းပါးခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း အလှည့်ကျမဟုတ်ဘဲ တပြေးညီ မီးပေးခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့စာမေးပွဲအပြီးမှာ နေ့လယ်ပိုင်း မီးလာရမယ့် အပိုင်းတွေမှာ မီးပြတ်သွားခဲ့တာကြောင့် အရင်လို လျှပ်စစ်မီးလာချိန်မမှန်တဲ့ အခြေအနေမျိုးပြန်ဖြစ်မှာကို စိုးရိမ်နေရတာလို့ ရန်ကုန်မြို့ခံပြည်သူတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက “စာမေးပွဲတွေပြီးလို့ ဖြတ်တာလား ဘာလားတော့ မသိဘူး။ ရာသီဥတုကလည်းပူလာပြီ၊ မီးကပြတ်ချင်သလို ပြန်ပြတ်တော့မယ်ဆိုရင် အတော်ဒုက္ခရောက်ရဦးမယ်” လို့ ပြောပါတယ်။

စာမေးပွဲကာလအတွင်းမှာ လျှပ်စစ်မီးကို အချိန်တော်တော်များများ ပေးထားနိုင်တဲ့ အနေအထား ရှိနေလျက်နဲ့ တခြားအချိန်တွေမှာ မီးပြတ်ချိန်များတာ မဖြစ်သင့်ဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

မင်္ဂလာဒုံမြို့မှ အိမ်ဆိုင်ဖွင့်ထားသူတဦးက “ဒီရာသီ၊ ဒီမီးနဲ့ကတော့ ဆက်ပြီး ဒုက္ခခံရဦးမယ်။ စာမေးပွဲပြီးတာနဲ့ကို အစွမ်းပြတော့တာပဲ” လို့ ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ညနေ ၃ နာရီ ၃၃ မိနစ်မှာ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်သွားတာကြောင့် ဓာတ်အားပြတ်တောက်သွားရတာလို့ ထုတ်ပြန် အသိပေးထားပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စာမေးပွဲပြီးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မီးပြတ်တောက်မှု ဖြစ်သွားတဲ့အပေါ်  နှိုင်းယှဥ်ပြောဆိုနေကြတာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာ လျှပ်စစ်မီးပြတ်တောက်တာကို ပြည်သူတွေ ဆိုးရွားစွာ ကြုံလာရတာဖြစ်ပြီး ရန်ကုန်မြို့မှာ လေးနာရီခြား မီးပေးစနစ်အသုံးပြုပြီး မီးလာရမယ့်အချိန်မှာ မီးပြတ်တာမျိုးတွေပါ ကြုံတွေ့နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024