Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ကလေးမြို့ ဒေသခံ ၃ ဦးသေဆုံး
DVB
·
March 17, 2024
Kalay Bullet Victims_17032024

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ပျဉ်းခုံလေးကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ်အပါအဝင် ဒေသခံ ၃ ယောက် ထိမှန်သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၆ ရက်နေ့က ဆည်တော်ဦး၊ ကျောင်းတိုက်ရွာတိုက်ပွဲဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ပျဉ်းခုံလေးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ချင်းတိုင်းရင်းသူတွေဖြစ်ကြတဲ့ အသက် ၁၀ နှစ် အရွယ် အိန်ဂျယ် ဗန်ရဲမ်ပွီးအီ၊ အသက် ၃၂ နှစ် အရွယ် ဒေါ်ဧဒင်သာရ်အီနဲ့ အသက် ၆၂ နှစ် အရွယ် ဒေါ်လာလ်ဖန်ကီးမီး တို့ ၃ ယောက် သေဆုံးခဲ့တာပါ။

လက်နက်ကြီးကြောင့်သေဆုံးတဲ့ ၃ ယောက်လုံးဟာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိလို့ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး တိုက်ပွဲတွေကြောင့် မနေ့ကပဲ နေ့ချင်း သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒဏ်ရာရသူတွေကတော့ နီးစပ်ရာဆေးရုံတွေမှာ ကုသနေကြပြီး ပျဉ်းခုံလေးကျေးရွာဟာ ကလေးမြို့မြောက်ပိုင်းမှာ ကလေးမြို့နဲ့ ၅ မိုင်ဝန်းကျင်မှာ ရှိပါတယ်။

မတ် ၁၆ ရက် မနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ ဆည်တော်ဦး၊ ကျောင်းတိုက်ရွာဘက်ကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာပါ။

မတ် ၁၄ ရက်နေ့ညကလည်း စစ်တပ်လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက ဒေသခံ ၂ ယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024