(က)
အဘစောမူးသာတို့နှင့် ရေနွေးကြမ်းဝိုင်းထိုင်ဖြစ်လေရာ စကားလမ်းကြောင်းမှာ အမှတ်မထင် 'ရုပ်ရှင်' ဘက်သို့ ရောက်ရှိလို့ သွားပါလေ၏ ခင်ဗျာ။ ဟိုတုန်းကရုပ်ရှင်ဇာတ်ကားများ၏ အနှစ်သာရရှိပုံ၊ သရုပ်ဆောင်များ၏ ပညာခန်းများနှင့် ဒါရိုက်တာများ၏ သြဇာရှိပုံများကို ပြောဆိုနေကြပါလေ၏။
"ဟိုးတုန်းက ဒါရိုက်တာတွေကို မင်းသား မင်းသမီးတွေက ကြောက်ရတာကွ ဖေကြီးရ။"
"ဟုတ်ကဲ့ပါ အဘစောမူးသာ . . . နည်းနည်းပါးပါးတော့ ကြားဖူးပါတယ် ခင်ဗျ။”
"အဲသည်တုန်းကတော့ သူတို့ကို 'King of the set ' လို့ ခေါ်ခဲ့ကြတယ်ကွ။"
"ဟုတ်ကဲ့ အဘလုံးတုံး . . . ဗမာလိုဆိုရင်တော့ ရိုက်ကွင်းဘုရင်တွေပေါ့။"
"ဟုတ်တယ် ဖေကြီး၊ သူတို့ဟာ ဘုရင်တွေပဲ၊ သူတို့ခိုင်းသမျှကို အောက်ကသရုပ်ဆောင်တွေအားလုံးက မရရအောင်ကို ကြိုးစားပြီး အားထုတ်ပေးကြရတာဟ။"
"ဟုတ်တယ်ကွ လုံးတုံးရ . . . မင်းသား မင်းသမီးကအစ ဒီဇာတ်ကားမှာပါသမျှ သရုပ်ဆောင်တွေအားလုံး ဒါရိုက်တာကို ချစ်ကြောက် ရိုသေ လေးစားကြရတာ။"
"အမှန်ပဲ မူးသာ . . ဒါရိုက်တာက လုပ်ဆိုလုပ်၊ သေဆိုသေ ရှင်ဆိုရှင်ပဲ၊ ဘယ်သူမှ အတွန့်မတက်ရဲခဲ့ကြဘူး။"
စကားဝိုင်းမှာ ဗဟုသုတများစွာ ရပါလေ၏။ ဟိုတုန်းက ဦးဆောင်သူ ဒါရိုက်တာကြီးတွေ မီးသေသလောက် အခုခေတ်မှာတော့ ဦးဆောင်သူတွေရဲ့သြဇာ လုံးဝကို ကျဆင်းသွားပြီကွ" ဟု စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကလည်း ဝင်ရောက်သုံးသပ်ပါလေရာ စကားဝိုင်းမှာ ပို၍ မြိုင်လာပါလေ၏။
"အမှန်ပဲကွ စိမ်းမောင်ရ . . . အဲသည်အခြေအနေဟာ မင်းတို့အဘ ကြင်စိုး သာ၀ မအလ ကြီးရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ သိပ်ကို တူလွန်းနေသကွ။''
"ရုပ်ရှင်နဲ့ မအလ . . . အဲလေ . . . ရုပ်ရှင်နဲ့ တပ်ချုပ်ကြီးနဲ့ ဘာဆိုင်လို့လဲ မူးသာရာ။''
အဘစိမ်းမောင်က ကြင်စိုးဘက်မှ ဝင်၍ ကန်လာလေရာ အရွှင်အဘတွေက ပြုံးကြပါလေ၏။ ပြီးတော့မှ ရှင်းပြကြပါ၏။ "ဒီမှာစိမ်းမောင် . . . မင်းတို့ကိုးကွယ်နေတဲ့ 'တပ်ပြုတ်ကြီး' ဟာလည်း 'King of the army' လို့ ပြောရမှာပေါ့ကွာ၊ 'တပ်တွင်းဘုရင်' ပေါ့။''
"မူးသာပြောတာ ဟုတ်သကွ၊ အခု မအလမှာ ဘာသြဇာ မာလကာမှကို မရှိတော့ဘူး၊ သူခိုင်းစေနေတဲ့ အောက်ခြေသရုပ်ဆောင်တွေအားလုံးသူ့ကို ဂရုမစိုက်တော့ဘူး၊ သူ့စကားကို နားမထောင်ကြတော့ဘူး။"
“အမှန်ပဲကွ၊ အခု သူ့ကို ကလန်ကဆန်လုပ်လာကြပြီ၊ သူက ' ဒီလိုလုပ်' ဆို သူတို့က 'ဟိုလိုလုပ်' နေကြပြီ။"
"ဟုတ်တယ်လုံးတုံး . . . မအလကြီးက သူ့လက်ပါးစေတပ်တွေကို ‘ရှေ့တက်’ ဆိုရင် သူ့တပြည့်တွေက ‘နောက်ကို’ ဆုတ်ပြေးနေကြပြီ။"
"မင်းတို့ စခန်းကုန်းကို မကျစေနဲ့၊ ရအောင်ခုခံ" ဆိုရင် စစ်သည်တွေက လုံးဝမခုခံတော့ဘဲ အသာတကြည် 'လက်နက်ချ' လို့ သူတို့တွေရဲ့ တချောင်းထဲသော အသက်တွေကို ရှင်အောင်မွေးနေကြပြီကွ။"
"အဲသည်လိုဆိုတော့ ' ရုပ်ရှင် ' လောကနဲ့ ' မအလ' အဖြစ်ခြင်း မတူဘူးလား စိမ်းမောင်ရာ။"
"ငါ ဘာမှမသိဘူးဟေ့။"
"ဝါး . . . ဟားဟား ဟားဟား ဟားဟား "
(ခ)
ရုပ်ရှင်စကားဝိုင်းကား အရှိန်များ ပို၍တက်လာမည်ဟု ယူဆရပါ၏။ အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတို့က ဖေကြီးအား ပြုံးစိပြုံးစိ လုပ်ပြကြပါ၏။ အဘစိမ်းမောင်ကား နုံးချည့် နုံးချည့် ပုံစံသို့ ရောက်ရှိလာနေပြီကို မြင်ရပါ၏။ စကားဝိုင်းမှာ ဘာတွေ ဘယ်လိုများ ဆက်ကြမှာပါလဲဆိုတာ စိတ်ဝင်စားနေမိပါ၏။ အဘစောမူးသာက ဆက်ပါလေ၏။
"ဟိုးတုန်းက 'စစ်ကားတွေ' များ ပရိသတ် သိပ်ကိုကြိုက်ခဲ့ နှစ်သက်ခဲ့ အားပေးခဲ့ကြတာ။"
"ဟုတ်ပ မူးသာရာ . . . ညွန့်ဝင်းတို့ ညီအစ်ကိုတွေရဲ့ ‘ငါ့ညီ၊ ငါ့မြေ၊ ငါ့အမေ’ တို့၊ ကျော်ဟိန်းတို့ ခင်သန်းနုတို့ရဲ့ 'အချစ်တပွဲ စစ်ပွဲတရာ' တို့၊ သမန်းကျားအဖွဲ့ရဲ့ ‘အိပ်မက်တံတား’ တို့ဆို ပရိသတ်က ကြိတ်ကြိတ်တိုးကို အားပေးခဲ့ကြတာ။"
“အဲသည်ကာလတွေမှာ လူထုက ‘စစ်ကား’ ကိုလည်း အားပေး၊ ‘စစ်သား’ ကိုလည်း အားပေးခဲ့ကြတာပေါ့ကွာ။"
“လုံးတုံးပြောတာ အမှန်ပဲ ဖေကြီးရ၊ မင်းလည်း အဲသည်ကားတွေ ကြည့်ဖူးလေရဲ့ မဟုတ်လား စိမ်းမောင်ရေ။”
“ဟေ . . . အဲ . . .”
"ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . စိမ်းမောင်က အခုအထိ စစ်ကားကိုကြိုက်တုန်းဟ၊ သူ့အိမ်ရောက်ရင် မြဝတီ ကလာတဲ့ ပေါက်တတ်ကရ ပေါ်လစီစစ်ကားတွေကို ဖွင့်ဖွင့်ပြီးအားပေးနေတာ အမြဲကြုံရပါသကွ။”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
တဟားဟား ထ၍ရယ်ကြတော့ အဘစိမ်းမောင်က မျက်စောင်းလှမ်းထိုးပါလေ၏။ ဟိုဘက်ရက်ကပဲ သူတို့အိမ်သို့ ရုတ်တရက် ဝင်သွားမိခဲ့ကြလရာ မြဝတီမှ လွှင့်နေသည့် ဖက်စစ်တပ်ကအနိုင်ရ၍ PDF တွေ ထွက်ပြေးရသည်ဟု လုပ်ကြံရိုက်ကူးထားသည့် ‘စိတ်ကူးယဉ်စစ်ကား’ ကို သူတို့မိသားစု အားရပါးရ ကြည့်ရှုအားပေးနေကြတာကို မြင်ခဲ့ကြရသည် မဟုတ်ပါလား။
“အခု မြဝတီကလွှင့်နေတဲ့ စစ်ကားတွေဟာ ‘ပြောင်းပြန်’ ရိုက်ထားတာကွ ဖေကြီးရ။"
“မူးသာပြောတာ အဟုတ်ကွ၊ လက်တွေ့ မြေပြင်မှာ ဖက်ဆစ်တပ်က အကျအဆုံးများတယ်၊ လက်နက်ချသူများတယ်၊ အလင်းဝင်သူများတယ်။ ဒါပေမဲ့လို့ သူတို့ဇာတ်လမ်းတွေထဲမှာတာ့ PDF တွေချည်း ခံကြရတယ်တဲ့။”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်ကား ဗမာစကားအရ ‘ချို ကြည့်’ ကြည့်နေပါလေပြီ။ ‘ခပ်’ တော့မည့် ကျွဲလို နှာမှုတ်သံပင် ကြားလာရသလိုလို။ အဘလုံးတုံးက "ပေါ်လစီကားတွေထဲမှာလည်း ငါတို့ကြိုက်ခဲ့တဲ့ဟာလေးတွေ ရှိပါသေးတယ်ကွ စိမ်းမောင်ရ" ဟု ဆိုလာလေရာ အဘစိမ်းမောင့်မျက်နှာ ရုတ်တရက် ဝင်းပသွားသလိုပါပေ။
“ဒါနဲ့ လုံးတုံး သူငယ်ချင်း . . . မင်းကြိုက်ခဲ့တဲ့ ပေါ်လစီစစ်ကားတွေထဲမှာ ‘ပါပီမ’ ပါတယ်မဟုတ်လား "
"‘ပါပီမ’ လား၊ မကြိုက်တဲ့အထဲမှာ ပါတယ်။''
“အဲ . . . ဒါဆိုရင်တော့ မင်းကြိုက်တာ ‘အဖေနဲ့ သားများ’ ပဲ ဖြစ်လိမ့်မယ်။”
“အဲသည်ကားလည်း ငါတို့မကြိုက်ဘူးကွ။”
“ဒါဆို မင်းတို့ကြိုက်တဲ့ ပေါ်လစီကားက ဘယ်လိုဟာမျိုးလဲဟ။"
“မင်းသားကျော်သူ သရုပ်ဆောင်ခဲ့တဲ့ ‘တိမ်ကော့နော်ဂျာ’ မျိုးလေကွာ၊ မင်းမှတ်မိလား။”
အဘစိမ်းမောင်က အပေါ်ကိုမျက်လုံးလှန်၍ ခေတ္တတွေးနေပြီး မကြာမီ “မှတ်မိပြီကွ၊ မှတ်မိပြီ” ဟု အားရပါးရ ပြောပါလေ၏ ခင်ဗျာ။ အဲသည်ဇာတ်ကားမှာ ‘ကျော်သူ’ က သူ့တိုင်းရင်းသား မိခင်တပ်ရင်းကို ပုန်ကန်စွန့်ခွာလာပြီး သူ့အားလိုက်လံပစ်ခတ်အသေသတ်မည့် တပ်ဖွဲ့ဝင်တွေကို သူသယ်ဆောင်လာခဲ့သည့် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြင်းအထန် ပြန်လည်ခုခံခြေမှုန်းသည့် ဇာတ်လမ်းပါတဲ့။
“မင်းတို့က ဘာဖြစ်လို့ ကြိုက်ကြတာလဲ။"
“ဘာဖြစ်လို့ ကြိုက်တာလဲဆိုတော့ အခု မအလ တပ်သားတွေ CDM ဝင်၊ ပြည်သူ့ရင်ခွင်ခိုလှုံ၊ ပြီးတော့ သူတို့ရဲ့ မအလ ဖက်ဆစ်တပ်တွေကို ပြန်လည်ပြီး ရင်ဆိုင်တိုက်ခိုက်ခြေမှုန်းနေပုံတွေနဲ့ နှိုင်းယှဉ်ခံစားမိလို့ ကြိုက်တာလေ။”
“ဟေ . . . . . .”
“ဒီလို ‘တပ်တွင်းပုန်ကန်မှု’ အတိုင်း ဆက်ပြီးသွားမယ်ဆိုရင် အခု တန်ခူး နှစ်မကူးခင် မင်းတို့အဘ မအလတပ်ထဲမှာ ခွေးတကောင် ကြောင်တမြီးတောင်မှ ကျန်ပါဦးတော့မလား”
“ဝါး . . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အဘစိမ်းမောင်ကား ဂနာမငြိမ်၊ ဖင်တကြွကြွဖြင့် မျက်နှာကြီး ညိုမှောင်နေပါ၏။ အရွှင်အဘတွေက ဖေကြီးအား ပြုံးဖြဲဖြဲလုပ်ကာ မျက်စပစ်ပြကြပါ၏။ ‘ကြပ်’ နေသည်ကား ဂိတ်ဆုံးသို့ရောက်တော့မည် ဖြစ်ပါ၏။
“ငါ ပြန်တော့မယ်'' ဟု အဘစိမ်းမောင် ပြောလာပါလေရာ “နေပါဦး စိမ်းမောင်ရ . . . စကားက ပြောလို့ဆိုလို့ ကောင်းတုန်းကိုကွာ” ဟု တားပါလေ၏။
“နေအတော်မြင့်နေပြီကွ။”
“ဘာနေမြင့်ရမှာလဲဟ . . . ဘုန်းကြီးတွေတောင် ဆွမ်းခံမကြွသေးဘူးဟာကို။”
အဘစိမ်းမောင်ကား သူ့စကားနှင့်သူ အသာပြန်၍ ထိုင်နေရပါ၏။ ထို့နောက် ခြံဝင်းကျယ်ကြီးအတွင်းရှိ အရိပ်ရသစ်ပင်ကြီးများဆီသို့ အကြည့်ကိုပို့ကာ ငေးနေပါလေသတည်း။ စကားဝိုင်းကို ဆက်လာသူကား အဘစောမူးသာပါ။
“ဟိုးတုန်းက ရိုက်ကွင်းဘုရင်ဖြစ်တဲ့ ဒါရိုက်တာတွေဟာ အစစအရာရာ အကုန်လုံးကို တတ်ကြတာကွ။"
“ဟုတ်တယ်မူးသာ . . . ဇာတ်ညွှန်းကိုလည်း ကောင်ကောင်းရေးနိုင်တယ်၊ သရုပ်ဆောင်တွေကိုလည်း ကောင်းကောင်းသင်ပြနိုင်တယ်၊ ကင်မရာကိုလည်း ကောင်းကောင်းကျွမ်းကျင်တယ်၊ နောက်ခံဂီတသမားကိုလည်း ကောင်းကောင်းလမ်းညွှန်နိုင်တယ်။”
“ဟုတ်တယ်ကွ . . . ပြီးတော့ ဖလင်ကိုလည်း ကောင်းကောင်းတည်းဖြတ်နိုင်သလို ကားကူး ကားဆက်သာမက စာတန်းထိုးတာအဆုံး အကုန်လုံးကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်ကြတယ်။”
“အေးကွ . . . အခုလို တိုင်းပြည်အာဏာကို ဖြတ်လမ်းနည်းနဲ့သိမ်းယူထားတဲ့ လူယုတ်မာက သူ့ကိုယ်သူ ‘ရိုက်ကွင်းဘုရင်ခြင်္သေ့’ လို့ သွေးနားထင်ရောက်နေတာ တကယ်တော့ မအလ ဟာ ‘ခြင်္သေ့’ မဟုတ်ဘူး၊ ‘သုနက္ခ’ အဆင့်ပဲရှိတယ်ဆိုတာ သူ့အစွမ်းအစတွေက သက်သေပြနေပါပြီဟာ။”
“တကယ်တော့ ဒါရိုက်တာကြင်စိုးဟာ စစ်လည်း ကောင်းကောင်းမတိုက်ဖူး၊ စစ်ရေးလည်း မကျွမ်း ကျင်၊ စီမံခန့်ခွဲမှုမှာလည်း ဖွတ်၊ အုပ်ချုပ်မှုမှာလည်း ညံ့ဖျင်းလွန်း၊ လမ်းညွှန်မှုမှာလည်း သုံးစားမရ၊ တွေးခေါ်မှုမှာလည်း ချီးဘရိန်းဆိုတော့ သိပ်မကြာခင် အသေထွက်ထွက်ရတော့မှာ မြင်ယောင်ပါသေးရဲ့ဗျား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
ကျွန်ုပ်တို့လေးယောက်အစုမှ ၇၅ ရာခိုင်နှုန်းက ထ၍ရယ်လိုက်လေရာ မန်ကျည်းပင်အိုကြီးပေါ်မှ ကျီးကန်းတွေပင် ရုတ်တရက်ထအော်ကာ ပျံပြေးကြပါလေ၏ ခင်ဗျာ။ အဘစိမ်းမောင်လည်း ကျီးကန်းတကောင်လို ပျံပြေးချင်နေပြီ ဖြစ်၏။
အဘစောမူးသာက ‘အဟမ်း’ ဟု လည်ချောင်းတချက်ရှင်းကာ ရေနွေးတခွက်ကို မော့ချလိုက်ပါ၏။ ပြီးသည့်အခါ လက်ညှိုးနှင့်လက်ခလယ်ကို ကြမ်းပြင်သို့ခေါက်၍ တစုံတရာကို စဉ်းစားနေပါ၏။ ခဏအကြာမှာ အောင်မြင်ခန့်ညားလှသည့် သူ၏ဘယ်သံဝါကြီးဖြင့် လွှမ်းမိုး၏ ‘အချစ်ရှုံးသမား ဒဿ ဂီရိ’ သီချင်းကို စာမြှောင်ကပ်ကာ ဤသို့ ဟစ်ကြွေးပါလေတော့သတည်း။
“ပြည်မြန်မာ မင်းသမီးလေးကို
လိုချင် တပ်မက်မောသူ
သာ၀ မင်း ငနွားကြီးရယ်
မယှဉ်နိုင် စစ်ပြိုင်ပွဲမှာ . . .
သည်အာဏာကို ဆုံးရှုံးတော့မယ့်
နှလုံးသားရိုင်း လူသရမ်း
ပြည်သူတွေက ဝိုင်းဝန်းတိုက်လို့
ပြေးပေါက်များ မမြင်မစမ်း
မကြာခင်မှာ ထွက်ပေါက်ပိတ်လို့
ငရဲသွားလမ်းကို မြန်း
စစ်ရှုံးသမား
မ အ လ ငတိ . . .
စစ်ရှုံး ငနွား
မ အ လ ငတိ . . .”
“ဟီ ဟိ ဟီ ဟိ”