Home
နိုင်ငံတကာ
အင်ဒီယားနားနှင့် အိုဟိုင်းယိုးပြည်နယ်တို့၌ လေဆင်နှာမောင်းတိုက်ပြီး လူ ၃ ဦး သေဆုံး
DVB
·
March 16, 2024
Tonado 1632024

အင်ဒီယားနားနဲ့ အိုဟိုင်းယိုးပြည်နယ်တို့မှာ မတ် ၁၄ ရက် ညနဲ့ ၁၅ ရက်  အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သွားကာ မုန်တိုင်းလမ်းကြောင်းရှိ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အပျက်အစီးတွေဖြစ်ပြီး ပြိုလဲစုပုံခဲ့ပါတယ်။ 

အိုဟိုင်းယိုးပြည်နယ်၊ လိုဂန်ကောင်တီမှာ ညနေအစောပိုင်းက ကျေးလက်ဒေသမှာ လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ည ၇ နာရီ ၄၅ မိနစ်လောက်မှာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

လေဆင်နှာမောင်းဟာ လိတ်ခ်ဗျူးနဲ့ မစ်ဒ်ဝေးမြို့တွေကတဆင့် အရှေ့ဘက်ကို ရွေ့လျား သွားတာကြောင့် နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီမြို့တွေမှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေဖို့ အရေးပေါ်တုံ့ပြန် ကယ်ဆယ်ရေးသမားတွေ အချိန်တိုအတွင်း ရောက်ရှိလာခဲ့ကြောင်း လိုဂန်ကောင်တီ ရဲအရာရှိ ရန်ဒေါလ် ဒေါ့ဘ်စ်က ပြောပါတယ်။ 

မတ် ၁၅ ရက်မှာတော့ လိတ်ခ်ဗျူး၊ မစ်ဒ်ဝေးနဲ့ အော့ခါ့ဒ်ကျွန်းရှိ လိုဂန် ကောင်တီအသိုင်းအဝန်းရှိ ဒေသခံတွေ ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးနေကြောင်း ရဲအရာရှိ ဒေါ့ဘ်စ်က သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။ 

ဒါပေမဲ့ ဓာတ်အားလိုင်းတွေ ပြုတ်ကျတာ၊ ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ ပျက်စီးဆုံးရှုံးမှု များစွာကြောင့် ရှာဖွေမှု အစပိုင်းမှာ တုံ့နှေးခဲ့ရပါတယ်။ 

မုန်တိုင်းဟာ တက္ကဆက်အရှေ့မြောက်ပိုင်းမှ အိုဟိုင်းယိုးပြည်နယ်အထိ ပြင်းထန်တဲ့ ရာသီဥတုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ 

လေဆင်နှာမောင်းဟာ အင်ဒီယားနားပြည်နယ်နဲ့ အိုဟိုင်းယိုးပြည်နယ်ရှိ လေဆင်နှာမောင်း ၇ ခု ထဲမှ တခုဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနက ဆိုပါတယ်။ 

ဝင်ချက်စတာအနီးရှိ မြို့ငယ်တချို့ဟာ လေဆင်နှာမောင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ 

တက္ကဆက်မြောက်ပိုင်းမှာ လေဆင်နှာမောင်းတခု ထပ်မံဖြစ်ပေါ်ခဲ့ပြီး ကန်တပ်ကီမြောက်ပိုင်းရှိ မြို့ တမြို့မှာလည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013