တူရကီနိုင်ငံအနောက်မြောက်ပိုင်း ဂျာနာခဲလေးပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ ရော်ဘာလှေတစီး နစ်မြုပ်မှုကြောင့် ကလေး ၇ ဦး အပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးက မတ် ၁၅ ရက်မှာ ပြောကြားခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ဂျာနာခဲလေး အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားရာမှာ ကမ်းခြေစောင့်တပ်ဟာ လူ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၂ ဦးက လှေနစ်မြုပ်ပြီးနောက်မှာ သူတို့ဘာသာ အသက်ရှင်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ ဦးကို ဆေးရုံပို့ဆောင်ထားကြောင်း ဂျာနာခဲလေး အုပ်ချုပ်ရေးမှူး အီဟာမီ အက်ခ်တာ့စ်က နိုင်ငံပိုင် အနာဒိုလူသတင်းဌာနကို အစောပိုင်းမှာ ပြောပါတယ်။
လှေပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ ဘယ်လောက်ပါရှိတယ်ဆိုတာကို ချက်ချင်း မသိရ သေးကြောင်းလည်း သူက ဆိုပါတယ်။
ကာဘာထဲ့ပယ်ဆိပ်ကမ်းမှ ဗွီဒီယိုဖိုင်မှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့တွေ ပါဝင်တဲ့ လှေတစီးဟာ ကုန်းပတ်ပေါ်မှာ အလောင်းအိတ်တွေနဲ့ ဆိပ်ကမ်းကို ပြန်လာနေတာကို ပြသခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေက အလောင်းအိတ်တွေကို လှေပေါ်တင်ပြီး လူနာတင်ယာဉ်တွေပေါ်မှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။
Source/Photo - Reuters