ရုရှားရဲ့ကျူးကျော်မှုကို ဆန့်ကျင်နေတဲ့ စစ်ပွဲမှာ ယူကရိန်းဟာ သူ့ရဲ့ ခဲယမ်းမီးကျောက်တွေ ကုန်သွားပြီး NATO အဖွဲ့ဝင်တွေဟာ ကိယက်ဗ်ကိုကူညီဖို့ လုံလောက်တဲ့လုပ်ဆောင်မှု မရှိသေးကြောင်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က မတ် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ အပြည့်အဝကျူးကျော်မှု လုပ်ဆောင်လာအပြီး နှစ်နှစ်ကျော်အကြာမှာ ယူကရိန်းစစ်တပ်ဟာ အနောက်နိုင်ငံတွေဆီက လက်နက်ထောက်ပံ့မှု သိသိသာသာ လျော့ကျလာမှုနဲ့ ရင်ဆိုင်နေရတာပါ။
“NATO မဟာမိတ်တွေက ယူကရိန်းကို လက်နက်ခဲယမ်း အလုံအလောက် မပေးကြတော့ အဲဒီအကျိုးဆက်တွေက စစ်မြေပြင်မှာ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ ရုရှားတွေက ယူကရိန်းနိုင်ငံသားတွေကို နေ့တိုင်း သေနတ်နဲ့ပစ်နိုင်တယ် ဆိုတဲ့အချက်က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး အဲဒါကပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့ လတွေအတွင်းမှာ ရုရှားတွေက စစ်မြေပြင်မှာ တိုးတက်မှုတချို့ ရခဲ့တယ်ဆိုတဲ့ အကြောင်းရင်းတွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းကို ခဲယမ်းမီးကျောက်တွေ များများထုတ်ပေးဖို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ မဟာမိတ်တွေ အရေးတကြီး လိုအပ်နေပါတယ် လို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။
စစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်ဘဲ တည့်တိုးဖြေချတဲ့ မှတ်ချက်တွေ ပေးခဲ့ရာမှာ စတော့တန်ဘာ့ဂ်က NATO မဟာမိတ်တွေဟာ ယူကရိန်းလိုအပ်နေတာတွေကို ပိုမိုပံ့ပိုးပေးနိုင်တဲ့ စီးပွားရေးစွမ်းရည်တွေ ရှိပေမဲ့လည်း အဲဒီလို ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့နဲ့ ယူကရိန်းအတွက် အထောက်အပံ့ကို ဦးစားပေးလုပ်ဆောင်ဖို့မှာ နိုင်ငံရေးဆန္ဒကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရုရှားရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ ကြိုးပမ်းမှုမှန်သမျှကလည်း တရားမဝင်ဘူးလို့ ပြောသွားပါတယ်။
Source/Photo-Reuters