Home
မြန်မာသတင်း
ပုသိမ်မြို့ အဝင်အထွက်ဂိတ်၌  မော်တော်ယာဉ်များကို ကျပ် ၂၀,၀၀၀ ဆီ အဓမ္မတောင်းနေ
DVB
·
March 16, 2024
pathein 1632024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အဝင် စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက တွေ့သမျှ မော်တော်ယာဉ်တွေကို ရပ်ခိုင်းပြီး ငွေကျပ် ၂၀,၀၀၀ ဆီ တောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဉ်မောင်းတဦးက “တွေ့သမျှကားတွေ၊ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး တောင်းနေတာ။ တော်တော်လေးကို ကြာနေပြီ။ အခုလ ပထမအပတ်လောက်ကတည်းက တောင်းနေတာ။ အခုက အကုန်လုံးကို တောင်းစားနေတာ။ မိုက်ရိုင်းလွန်း၊ ငတ်လွန်းအားကြီးတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့ အဝင်အထွက်ဂိတ်တွေမှာ တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုရားဖူးယာဉ်၊ လူမှုကူညီရေးယာဉ်တွေကအစ တခြားယာဉ်တွေပါမကျန် ငွေဝောာင်းခံနေပြီး အလွယ်တကူ မပေးတဲ့ ယာဉ်တွေကို ချက်ချင်းလွှတ်မပေးဘဲ ငွေပေးမှသာ ဆက်သွားခွင့်ပြုနေပြီး ငွေမပေးရင် လူရော ယာဉ်ပါ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။

ပုသိမ်အခြေပြု ဘုရားဖူးယာဉ်မောင်းတဦးက “ဂိတ်တွေမှာကျတော့ လုံခြုံရေးအတွက်ဆိုပြီး သူတို့က ဆိုင်းဘုတ်ရေးပြီး ကပ်ထားတာ။ ငွေတောင်းနေတာက အနည်းဆုံး ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ ပဲ။ တချို့ဆို ၅၀,၀၀၀ လောက် ပေးရတယ်ပြောတယ်။ အဲဒါကဝောာ့ ပြောစကားဆိုတော့ မတိကျဘူး။ ၃၀,၀၀၀ ကတော့ ကိုယ်တိုင်ပေးရတာ။ အကျိုးအကြောင်းလေး ပြောဆိုရှင်းပြခွင့်တောင် မရဘူး” လို့ ပြောပါတယ်။

လာသမျှယာဉ်တွေကို ငွေတောင်းနေတာကြောင့် အငှားယာဉ်မောင်းတွေအနေနဲ့ အခက်အခဲ ပိုဖြစ်ပြီး ယာဉ်ကိုသိမ်းဆည်းပါးက လျော်ကြေးပေးရမှာ စိုးရိမ်တာကြောင့် ယာဉ်ပြေးဆွဲတဲ့ လုပ်ငန်းပါ ရပ်ထားရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို လာသမျှယာဉ်တွေကို ရပ်တန့်ကာ ငွေတောင်းယူတဲ့ လုပ်ငန်းကို စစ်ကောင်စီတပ်က ဦးဆောင်လုပ်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ ကားသမားတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013