ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင်နဲ့ မြိုနယ် ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် ဆင့်ခေါ်ရေးအဖွဲ့နဲ့ စာရင်းကောက်ယူရေးအဖွဲ့ကို မတ် ၁၂ ရက်က ဖွဲ့စည်းခဲ့တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ခရိုင်၊ မြို့နယ်အလိုက် အုပ်ချုပ်ရေးပိုင်းနဲ့ နယ်မြေခံ စစ်တပ်အရာရှိတွေ တက်ရောက်ခဲ့ပြီး ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအလိုက် ဖွဲ့စည်းခဲ့တာလို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“ရပ်ကွက်နဲ့ ကျေးရွာက စာရင်းကောက်ယူရေးအဖွဲ့တွေက ရလာတဲ့စာရင်းအပေါ် မူတည်ပြီး ခရိုင်နဲ့ မြို့နယ်က ဆင့်ခေါ်စာပေးမှာ၊ စစ်မှုထမ်းရမယ့်သူကို။” လို့ ရှင်းပြပါတယ်။
ခရိုင်နဲ့ မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာတွေကို စာရင်းကောက်ယူရမယ့် ပုံစံဖောင်တွေကို မကြာမီ ထုတ်ပေးသွားမှာလို့ မင်္ဂလာဒုံ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဖောင်တွေက ရုံးမှာရောက်နေပြီ။ မြို့နယ်တွေကို ခွဲပေးမှာ။ မြို့နယ်ကတဆင့် ရပ်ကွက်နဲ့ ရွာတွေကို ပြန်ပေးမှာ။ ကလေးတွေ စာမေးပွဲပြီးတာနဲ့ စကောက်ခိုင်းမယ်နဲ့တူတယ်။”
နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းရမယ့် အသက်အရွယ်မှာ အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ပြီး ပညာရှင်ဖြစ်ပါက ၄၅ နှစ်အထိ အကျုံးဝင်ကာ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၅ နှစ်အထိ အကျုံးဝင်ကြောင်း ဥပဒေမှာ ဖော်ပြထားပါတယ်။