မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်တက္ကစီမောင်းတဲ့ အမျိုးသားတဦး မတ် ၁၃ ရက်က ဆိုင်ကယ်ရိုက်လုခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံက သိရပါတယ်။
မော်လမြိုင်၊ သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ် မှော်ရုံလမ်းမှာ မတ် ၁၃ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်တက္ကစီမောင်းတဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ငှားစီးလာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး ရိုက်လုခဲ့တာပါ။
အရိုက်ခံရတာကြောင့် ဆိုင်ကယ်တက္ကစီမောင်းတဲ့ အမျိုးသားဟာ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ချို(ဂျို)စောင်း ပေါက်ပြဲဒဏ်ရာနဲ့ နားထင် နားပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပါတယ်။
အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အရင်ရက်တွေတည်းက အဲ့ဦးလေးကို သူတို့တည်းတဲ့ တည်းခိုးခန်းတွေက တခြားနေရာတွေကို လိုက်ပို့ခိုင်းတယ်။ ဒီနေ့မှ သူတို့တွေက အမအိမ် လိုက်ပို့ပေးဆိုပြီး လူပြတ်တဲ့နေရာရောက်တော့ ဆိုင်ကယ်ရပ်ခိုင်းပြီး ရိုက်လုလိုက်တာ။ သူတို့ယူသွားတဲ့ ဆိုင်ကယ်က wave ကနုတ်။ အဲ့ဦးလေးက ဒဏ်ရာတော့များတယ်၊ ဒါပေမဲ့ အရမ်းတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသားကို အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်ကုသမှုတွေ လုပ်ပေးပြီး မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ကန်သုံးကန်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က အမျိုးသားတဦးကို လူငယ်သုံးဦးက ဆိုင်ကယ်လုပြီး သတ်ဖြတ်ခဲ့ပါတယ်။