Home
နိုင်ငံတကာ
သြစတြေးလျ မြေအောက်ရွှေတွင်း၌ ‌ကျောက်တုံးပြိုကျပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
March 14, 2024
Rockfall at Australia gold mine kills one worker, injures another

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရှိ မြေအောက်ရွှေတွင်းတခုအတွင်း ကျောက်တုံး ပြိုကျမှုကြောင့် အသက် ၃၇ နှစ်ရှိ အမျိုးသားတဦး သေဆုံးခဲ့ပြီး တခြားအလုပ်သမား ၂၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက မတ် ၁၄ ရက်မှာ ပြောပါတယ်။

ကျောက်တုံးကြီးတခု ပြိုကျခဲ့ကြောင်း သတင်းရရှိခဲ့အပြီး မတ် ၁၃ ရက် ညနေပိုင်းမှာ မဲလ်ဘုန်းမြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ မောင့်ထ်-ကလီးယား ကျေးလက်ဆင်ခြေဖုံးဒေသက ဘဲလ်လရတ် ရွှေတွင်းဆီကို အရေးပေါ်ဝန်ထမ်းတွေ သွားရောက်ခဲ့ကြပါတယ်။

ဒီအခင်းဖြစ်ပွားမှုဟာ မြေအောက်မိုင်းတွင်း အဝင်ပေါက်မှ ၃ ကီလိုမီတာအကွာမှာ ဖြစ်ပွားခဲ့ကြောင်း ဗစ်တိုးရီးယားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေးပေါ်ဆေးမှူးတွေဟာ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာတွေရရှိထားတဲ့ မိုင်းတွင်းလုပ်သားတဦးကို ကယ်ဆယ် ကုသနိုင်ခဲ့ပြီး သူ့ဒဏ်ရာတွေက ပြင်းထန်တာကြောင့် ဆေးရုံကို လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

ဘေးကင်းမယ့်နေရာရှာပြီး ခိုလှုံနေကြတဲ့ ကျန်မိုင်းလုပ်သားတွေကိုလည်း ဘေးလွတ်ရာကို ဆွဲတင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

မိုင်းလုပ်သားတွေဟာ မြေသားအခုအခံမရှိတဲ့ မြေပြင်အောက်မှာ အလုပ်လုပ်နေရတာကြောင့် မိုင်းတွင်းလုပ်သားနှစ်ဦးစလုံး ပိတ်မိခဲ့ရပြီး တဦးသေဆုံးသွားရတာ လုံးဝကို ဆိုးရွားတဲ့ သတင်းပါပဲလို့ သြစတြေးလျ အလုပ်သမားများသမဂ္ဂ ဗစ်တိုးရီးယားပြည်နယ် အတွင်းရေးမှူး ရွန်နီဟေးဒန်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကပဲ မိုင်းတွင်းဟာ မြေသားအထောက်အကူမရှိတဲ့ ဒီသတ္တုတွင်းပုံစံ ဖြစ်နေတာကြောင့် စိုးရိမ်မိပြီး ဒီလိုမြေကြီးပုံစံနဲ့တော့ အလုပ်လုပ်လို့ မရနိုင်ဘူးလို့ အလုပ်ခေါင်းတွေကို ပြောထားပြီးသားပေမဲ့ ပြောစကား အလေးမထားဘဲ နားကန်းနေကြလို့ ခုလိုအဖြစ်ဆိုး ကြုံရပြီလို့လည်း ဆိုပါတယ်။

ဒီမိုင်းတွင်းကိုလည်း ရှောင်ရှားသင့်ပြီး အလုပ်ကို မလုပ်သင့်ပါဘူးလို့ ပြောပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း ဒီမိုင်းတွင်းထဲမှာပဲ မိုင်းတွင်းလုပ်သား ၂၇ ဦး နာရီအတော်ကြာ ပိတ်မိခဲ့ဖူးကြောင်း သြစတြေးလျ မီဒီယာတွေက ဖော်ပြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024