Home
ဆောင်းပါး
စစ်ကျွန်ပညာရေးရဲ့ ဝါဒမှိုင်းတွေ ဘယ်အချိန်မှ အဆုံးသတ်မလဲ
DVB
·
March 14, 2024
Article WaiMoe_14032024

လွတ်လပ်ရေးရပြီးကတည်းက စစ်အာဏာရှင် အဆက်ဆက်ရဲ့ နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်မှုအောက် ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်ပေါင်းများစွာဟာ အခြေခံလူ့အခွင့်အရေး၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ အနှစ်သာရ ဆိုတာတွေကို ဘာမှန်းမသိဘဲ ဖြတ်သန်းခဲ့ရတယ် ဆိုတာဟာ အငြင်းပွားဖွယ်ရာရှိမယ် မထင်ပါဘူး။

စစ်အာဏာရှင်တွေဟာ မြန်မာနိုင်ငံသမိုင်းတလျှောက် အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အဆုံးစွန်ဆုံး လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်ဆိုတာလည်း စစ်အာဏာရှင် အဆက်ဆက်ကို ဆန့်ကျင်ပြီး အသက်ပေး တွန်းလှန်ခဲ့ကြတဲ့ ပြည်သူတွေက သက်သေပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေမှာ မတရားဖမ်းဆီးအကျဉ်းချတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ လူမျိုးတုံး သတ်ဖြတ်တာတွေအထိ ပါဝင်တာကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အခိုင်အမာ ပြောဆိုထားပါတယ်။ ဒီလိုလုပ်ရပ်တွေနဲ့ နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာရပြီး အချိန်မှာလည်း ဆက်လက်အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေကို လိုသလို ပုံသွင်းပြောင်းလဲခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလတွေဟာ နိုင်ငံရဲ့ အမှောင်မိုက်ဆုံးအချိန်တွေလို့ သတ်မှတ်လို့ရနိုင်ပြီး အာဏာရှင်အဆက်ဆက် အုပ်စိုးတဲ့ ခေတ်တွေထဲမှာမှ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ အုပ်ချုပ်ခဲ့တဲ့ခေတ်ဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံးကာလတွေအဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီက စာပေဟောပြောပွဲတခုမှာ ထည့်သွင်းပြောဆိုဖူးပါတယ်။

ဒီအခြေအနေတွေထဲကနေမှ အဆိုးတကာ့ အဆိုးဆုံးဟာဆိုရင် နိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခံရတာနဲ့ စစ်ကျွန်ပညာရေးလို့ခေါ်တဲ့ ပညာရေးစနစ်တခုအဖြစ် သွတ်သွင်းခံခဲ့ရတာဟာ အနာဂတ်မျိုးဆက်များစွာအထိပါ ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့တာကြောင့် စစ်ခေါင်းဆောင် သန်းရွှေရဲ့ နအဖ စစ်အစိုးရဟာလည်း နိုင်ငံကို ၁၉ နှစ်ကြာတဲ့အထိ အုပ်စိုးထားနိုင်ခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။

ဒီလို မှန်ကန်တဲ့ သတင်းအချက်အလက် ပိတ်ဆို့ခံထားရတဲ့အချိန်မှာ ပြည်သူတွေ သိခွင့်ရခဲ့တာဟာ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေသာ ဖြစ်ပါတယ်။ ဒီလို ဝါဒဖြန့် မှိုင်းတိုက်မှုတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာပါ ထည့်သွင်းသင်ကြားစေခဲ့ပြီး စစ်အုပ်စုရဲ့ မူဝါဒလမ်းစဉ်တွေ အတိုင်းသာ စာသင်ကျောင်းတွေက သင်ကြားခဲ့ရတဲ့အတွက်လည်း စစ်ကျွန်ပညာရေးအဖြစ် ခေါ်ဆိုသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ်ပိုင်မီဒီယာတွေ အပါအဝင် ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းသင်ကြားတဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေမှာဆိုရင် ပြည်သူတွေအချင်းချင်း သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ စုံလင်ကွဲပြားတဲ့ လူမျိုးတွေနဲ့ ဘာသာဝင်တွေအကြား အမုန်းတရားတွေ ဝင်ရောက်လာအောင်နဲ့ စစ်တပ်ကသာ တိုင်းပြည်ရဲ့ အဓိကကယ်တင်ရှင် ဖြစ်တယ်ဆိုတဲ့ အယူအဆ အတွေးအခေါ်တွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရတာ ဖြစ်ပါတယ်။

ဒီလို မျိုးဆက်တဆက်ပြီးတဆက် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ဝါဒဖြန့်ခဲ့တာတွေဟာ စစ်အာဏာရှင်တွေအတွက် တကယ်ရော အကျိုးအမြတ် ရရှိခဲ့သလားဆိုရင် ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ တုံ့ပြန်မှုကို ကြည့်ရင် သိနိုင်တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုပြန်ကြည့်ရင် တချိန်က စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်အုပ်ချုပ်တဲ့စနစ်ကို အတိုက်အခံပြုလုပ် တော်လှန်ခဲ့သူတချို့ဟာလည်း ရိုဟင်ဂျာ အရေးအခင်း ဖြစ်ပွားတဲ့ အချိန်ကာတွေမှာ စစ်တပ်ဘက်ရဲ့ လုပ်ရပ်ကို ထောက်ခံရပ်တည်ခဲ့တာကို တွေ့ရတာဖြစ်ပြီး သူတို့ထဲက တချို့ကတော့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ဒီအပြုအမူတွေအတွက် ပြန်လည်တောင်းပန်ကြောင်း ဖော်ပြခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။

ပြန်ဆက်ရရင် ဒီလို စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာသိမ်းမှုကို အစဉ်အဆက် တွန်းလှန် တိုက်ခိုက်ခဲ့သူတွေကတောင် စစ်တပ်ဘက်က ရပ်တည်လာအောင် ဘာတွေက သူတို့ကို လှုံ့ဆော်ခဲ့တာပါလဲ။ စစ်တပ်ရဲ့ ဘယ်လိုဝါဒဖြန့်မှုတွေနဲ့ မှိုင်းတိုက်မှုတွေက အတိုက်အခံသမားတွေကိုတောင် သူတို့နဲ့အတူ ရပ်တည်လာအောင် လုပ်ဆောင်ခဲ့တာလဲ ဆိုတာဟာ နောင်တချိန် ဒီလိုအဖြစ်အပျက်တွေ ထပ်ပြီး မကြုံတွေ့နိုင်ဖို့ရာ အရေးကြီးတဲ့ အချက်တခု ဖြစ်ကောင်းဖြစ်နေနိုင်တာ ဖြစ်ပါတယ်။

ဝါဒဖြန့် ယန္တရား

ကနေဒါနိုင်ငံ ဝါတာလူးတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပညာရပ် ပါမောက္ခဟောင်းတဦးဖြစ်တဲ့ Qualter.T.H က ဝါဒဖြန့်ခြင်းဆိုတာဟာ “လူတချို့ သို့မဟုတ် အဖွဲ့တဖွဲ့က ဆက်သွယ်ရေး နည်းလမ်းတွေရဲ့ အကူအညီနဲ့ တခြားအစုအဖွဲ့တခုကို ထိန်းချုပ်ဖို့ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ စိတ်သဘောထားကို ပြောင်းလဲစေဖို့ ကြိုးစားတာဖြစ်ပြီး တချို့အခြေအနေတွေမှာဆိုရင် ဝါဒဖြန့်သူလိုချင်တဲ့ ပုံစံအတိုင်း တဖက်က ပြန်လည်တုံ့ပြန်လာအောင် ရည်ရွယ် လုပ်ဆောင်တာတွေလည်း ပါဝင်တယ်” လို့ သူရေးသားခဲ့တဲ့ ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးလို့ နာမည်ရတဲ့ “Propaganda and Psychological warfare” ဆိုတဲ့ စာအုပ်မှာ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရကစလို့ စစ်တပ် အုပ်ချုပ်တဲ့ ခေတ်အဆက်ဆက် ရည်ရွယ်ချက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ဝါဒဖြန့် မှိုင်းတိုက်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဦးရဲဟိန်းအောင် ရေးသားပြုစုတဲ့ “အဟုတ်လား အတည်လား” ဆိုတဲ့ “ပြည်တွင်းစစ်နှင့် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စဉ်များဆိုင်ရာ ပတ်သက်သော အမြင်များကို လေ့လာခြင်း” အစီရင်ခံစာကို ကိုးကားပြီး ဖော်ပြရမယ်ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကတည်းက ကွန်မြူနစ်ဝါဒီ တော်လှန်ရေးသမားတွေအပေါ် ဆိုးသွမ်းသောင်းကျန်းသူများအဖြစ် ပုံဖော်တဲ့ ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ၈၈၈၈ လူထုအရေးတော်ပုံကြီး နောက်ပိုင်းမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် တော်လှန်သူတွေကို အဖျက်သမား သောင်းကျန်းသူများအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးနေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စစ်အုပ်စုအနေနဲ့ အဲ့ဒီ အဖျက်သမားတွေရန်ကနေ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေရတဲ့ ပုံစံအဖြစ်လည်း ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါ့အပြင် ဒီလိုဝါဒဖြန့်မှုတွေကို စစ်တပ်ပိုင်သတင်းစာ၊ ရေဒီယိုနဲ့ စာအုပ်ဖြန့်ချိ ထုတ်ဝေတာတွေကနေ၊ နောက်ပိုင်း စစ်တပ်ပိုင် ရုပ်မြင်သံကြားကနေ ရုပ်သံအဖြစ် ထုတ်လွှင့်တာ၊ နောက်ပိုင်း ခေတ်စားလာခဲ့တဲ့ ပေါ်လစီကား ဆိုပြီး ခေါ်ကြတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ဝါဒဖြန့် အတွေးအခေါ်တွေ ထည့်သွင်းရိုက်ကူးတာတွေအထိပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရတွေရဲ့ ဝါဒဖြန့်မှုလုပ်ငန်းတွေဟာ ဒီလိုနယ်ပယ်တွေမှာတင်မကသေးဘဲ တိုင်းပြည် အနာဂတ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံရာဖြစ်တဲ့ ပညာရေးစနစ်တွေမှာပါ ထည့်သွင်းထားတာ တွေ့ရပြီး ပညာရေးစနစ်အတွင်း စစ်အစိုးရတွေရဲ့ ဝါဒဖြန့်မှုတွေ ထည့်သွင်းပြဋ္ဌာန်းတာတွေနဲ့ ပညာရေးစနစ်ကို လိုသလို ပြုပြင်ပြောင်းလဲတာတွေဟာ နိုင်ငံကို ဖျက်ဆီးတာ ဖြစ်တဲ့အကြောင်းကိုလည်း “နိုင်ငံတနိုင်ငံကို ဖျက်ဆီးချင်ရင် ပညာရေးကို ဖျက်ဆီးလိုက်ရင် ပျက်တာပဲ” လို့ နွေဦးတော်လှန်ရေး စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကြို့ပင်ကောက်မြို့နယ်က ကျောင်းအုပ်ဆရာတဦးက ပြောပါတယ်။

မျိုးဆက်အစ လူငယ်က

အာဏာရှင်ဟောင်းတွေလက်ထက်က ဖြန့်ဝေခဲ့တဲ့ လူမျိုးရေး ဘာသာရေး မှိုင်းတွေ၊ စစ်တပ်ကသာ နိုင်ငံရဲ့ကယ်တင်ရှင် ဖြစ်တယ်ဆိုတဲ့ ဝါဒမှိုင်းတွေဟာ အဲဒီမတိုင်ခင်ခေတ်တွေကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေအတွက် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် မှိုင်းတိုက်တယ်ဆိုတာ သိကောင်းသိနိုင်ပေမဲ့ အဲဒီခေတ်တွေမှာ မွေးဖွားကြီးပြင်းပြီး အဲဒီခေတ်က ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ်နဲ့ လူမှုအသိုင်းအဝိုင်းမှာ ကျင်လည်ခဲ့ကြရတဲ့ မျိုးဆက်တွေ အနေနဲ့ကတော့ ဒီဝါဒဖြန့် မှိုင်းတိုက်မှုတွေကို အလုံးစုံ သိနားလည်ခဲ့ကြမယ် ဆိုတာ လုံးဝ မသေချာတဲ့ အနေအထား ဖြစ်ပါတယ်။

ဒီအခြေအနေတွေမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ ပိတ်ပင်ခံထားရတာတွေအပြင် နိုင်ငံရေးအကြောင်းပြောရင်ပါ အဖမ်းခံရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာတွေကြောင့်လည်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့ ဝါဒဖြန့် မှိုင်းတိုက်ခဲ့သမျှတွေဟာ လူငယ်တွေရဲ့ ဖြူစင်တဲ့စိတ်ထဲကို ဝင်မှန်းမသိ ဝင်ရောက်ကိန်းအောင်းနေခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေ ရှိခဲ့ပေမဲ့လည်း တဖက်မှာလည်း ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေ တော်လှန်ခဲ့တာဟာ ကျောင်းသားတွေပဲ ဖြစ်နေပြန်တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင်ခေတ် ကတည်းက ကျောင်းသားတွေ ဦးဆောင်တဲ့ ပထမကျောင်းသားသပိတ်လို လှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးမတိုင်ခင် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံရဲ့ အကြီးဆုံး လူထုအုံကြွမှုကြီးကလည်း ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကနေ စတင်တာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ ဒီလိုလှုပ်ရှားမှုတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို အပြင်းအထန် သက်ရောက်မှုတွေ ရှိခဲ့တာတွေကြောင့်လည်း သူတို့ရဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် နောင်လာမယ့် မျိုးဆက်တွေခေတ်မှာ ဒီလိုအရေးအခင်းတွေ ထပ်မဖြစ်စေရေး အပြည့်အဝ ထိန်းချုပ်ဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျောင်းသားတွေနဲ့ တိုက်ရိုက်ထိတွေ့ရတာဟာ စာသင်ကျောင်းတွေဖြစ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီချုပ် ဦးနု အစိုးရ အုပ်ချုပ်စဉ်ကတည်းက အစိုးရရဲ့ ဝါဒဖြန့်မှုတွေကို ကျောင်းသင်ခန်းစာတွေအဖြစ် စတင်ထည့်သွင်းခဲ့တာ တွေ့ရသလို စစ်အာဏာရှင်တွေဖြစ်တဲ့ ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ခေတ်က ကျောင်းသင်ရိုးညွှန်တမ်းတွေမှာလည်း ဝါဒမှိုင်းတိုက်တဲ့ အတွေးအခေါ်တွေ၊ အာဏာရှင်စနစ်နဲ့ အသားကျစေမယ့် ပညာရေးစနစ်တွေကို ပုံစံအမျိုးမျိုးနဲ့ ထည့်သွင်းခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။

ကိုရဲဟိန်းအောင် သုတေသနလုပ် ပြုစုထားတဲ့ အစီရင်ခံစာမှာလည်း  ဒီလို စာသင်ကျောင်းတွေက တဆင့် ဝါဒဖြန့်မှုတွေဟာ ဝန်ကြီးချုပ် ဦးနု လက်ထက်ကတည်းက ဖြစ်တဲ့အကြောင်း အထောက်အထား ဖော်ပြထားတာ တွေ့ရပြီး ဦးနု ရေးသားခဲ့တဲ့ “လူထုအောင်သံ” ဆိုတဲ့ ကွန်မြူနစ်တော်လှန်ရေးသမားတွေကို ရှုတ်ချရေးသားထားတဲ့ ပြဇာတ်ကို ကျောင်းစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့တာ၊ ဦးနု ဘာသာပြန်ဆိုတဲ့ မိတ္တဗလဋီကာကို ကျောင်းသင်ရိုးမှာ ထည့်သွင်းတာနဲ့ စာရေးဆရာ သာဓုရဲ့ တပ်ထဲက မြတ်ကိုကို ဝတ္ထုကို အစိုးရက စာပေဗိမာန်ဆုပေးပြီး ကျောင်းသုံးစာအုပ်မှာ ပြဋ္ဌာန်းတာတွေကိုလည်း တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ဦးနေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းအပြီး ဆိုရှယ်လစ် ပညာရေးစနစ်မှာလည်း အာဏာမသိမ်းခင် တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာ ဘာသာစကား သင်ကြားခွင့်ရှိခဲ့တဲ့ ပညာရေးစနစ်ကနေ မြန်မာစကားတခုတည်းနဲ့ သင်ကြားမှုကို ပြောင်းလဲခဲ့တာကြောင့် ပညာရေးလေ့လာသူ တချို့ကလည်း Burmanization လုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အဲဒီနောက် ဦးသန်းရွှေတို့ ခေတ်တွေမှာလည်း ကျောင်းသင်ရိုးညွှန်းတမ်းရဲ့ မြန်မာစာ ဘာသာရပ်နဲ့ သမိုင်းဘာသာရပ်တွေမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာလူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ မြန်မာမင်းဆက်တွေရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ပြတဲ့ အကြောင်းအရာတွေနဲ့ အာဏာသိမ်း စစ်အစိုးရတွေရဲ့အကြောင်း အမွှမ်းတင် ရေးသားမှုတွေကို ဦးစားပေး ဖော်ပြတာတွေကို တွေ့ခဲ့ရတာဖြစ်ပြီး အဲဒီသမိုင်းကြောင်းတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အချိန် မြန်မာနိုင်ငံတွင်းက တခြားလူမျိုးစုတွေရဲ့ သမိုင်းကြောင်းတွေနဲ့ တော်လှန်ရေးတွေ အကြောင်းကိုတော့ ကျောင်းသင်ခန်းစာတွေကနေ ဖုံးကွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ပုံ - ဆဋ္ဌမတန်း နဲ့ အဋ္ဌမတန်း သမိုင်းဖတ်စာအုပ်များမှ

ဒီလို ဗမာလူမျိုးဘုရင်တွေနဲ့ သူတို့ရဲ့ တန်ခိုးအရှိန်အဝါ ကြီးမားစဉ်က သမိုင်းကြောင်းတွေကိုသာ အသားပေး သင်ကြားမှုတွေဟာလည်း “ဗမာလူမျိုးစု ကလေးတွေအတွက် ငါတို့ဘိုးဘေးတွေက ဒီနေရာတွေအထိ ပိုင်ခဲ့တယ်ဆိုတဲ့ အတွေးအခေါ်မျိုး လွှမ်းမိုးစေသလို ဗမာလူမျိုးစုမဟုတ်တဲ့ တခြားမျိုးနွယ်စု ကလေးတွေအပေါ်ကိုလည်း ဒါက ငါတို့နေရာ မဟုတ်ဘူး၊ တခြားလူမျိုးစုရဲ့ ပိုင်နက်နေရာ ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို ဖြစ်စေတယ်” လို့ ၂၀၁၄ ပညာရေးသပိတ်မှာ ပါဝင်ခဲ့တဲ့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်သလို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ကိုစောသီဟက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက ကျောင်းတွေရဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ နေ့စဉ် ဗုဒ္ဓဘာသာနည်းအရ ဘုရားရှိခိုးရတာ၊ ကျောင်းခန်းအတွင်း ဘုရားဆင်းတုတော် ထားရှိတာတွေနဲ့ “အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်” ဆိုတဲ့ စာသား ပါဝင်တဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ဖြန့်ချိတဲ့ သီချင်းသီဆိုရတဲ့ အလေ့အထတွေဟာလည်း လူမျိုးစုပေါင်းစုံနဲ့ ကိုးကွယ်တဲ့ ဘာသာများစွာ ရှိနေတဲ့ နိုင်ငံတခုရဲ့ ပညာရေးစနစ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိစေသလိုဆိုရင် “ဘာသာခြား ကျောင်းသားတယောက်အနေနဲ့ ကျောင်းခန်းထဲကို စပြီး ဝင်လိုက်ပြီ ဆိုကတည်းက အတန်းထဲက ဘုရားစင်ကို မြင်လိုက်ရတဲ့ အချိန်မှာ ဗုဒ္ဓဘာသာ မဟုတ်သော ကလေးတွေနဲ့ ဗုဒ္ဓဘာသာ ကလေးတွေအကြား ငါတို့နဲ့ သူတို့ဆိုတဲ့ အယူအဆကို စပြီး ရိုက်သွင်းပေးလိုက်သလိုပါပဲ” လို့ ကိုစောသီဟက သုံးသပ်ထားပြီး ဒီအယူအဆကတဆင့် လူမျိုးခြား၊ ဘာသာခြား ဆိုတဲ့ အတွေးအခေါ်တွေ ကလေးတွေဆီကို စတင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုးမွေမှန်း မသိ လက်ဆင့်ကမ်းခဲ့ကြတဲ့ ဝါဒမှိုင်းတွေ

သမိုင်းအဆက်ဆက် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ ပြည်သူတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုများစွာ ပေါ်ပေါက်ခဲ့ပေမဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကလည်း သူတို့ အာဏာတည်မြဲရေးအတွက် ဒီလိုပေါ်ပေါက်လာခဲ့တဲ့ တော်လှန်မှုတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုတွေ အစဉ်အဆက် လုပ်ခဲ့တယ်ဆိုတာ မြန်မာ့သမိုင်းစာမျက်နှာတွေရဲ့ ငြင်းလို့မရနိုင်တဲ့ အမှန်တရားတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လူငယ်မျိုးဆက်တွေ အဆက်ဆက် နိုင်ငံရေးနဲ့ မပတ်သက်ကြဖို့ မိဘနဲ့ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမတဲ့ ပုံစံတွေကလည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ယူခဲ့တာကို တွေ့ရတာဖြစ်ပြီး ဒီလို လက်ဆင့်ကမ်း သယ်ယူခဲ့တဲ့အထဲ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေဟာလည်း ရောနှောပါဝင်လာခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရ အုပ်ချုပ်စဉ်အချိန်က စာသင်ကျောင်းတွေက သင်ကြားတဲ့ စနစ်ကို ပြန်ကြည့်မယ် ဆိုရင်လည်း စာသင်ခန်းအတွင်း သင်ကြားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသင်ရိုးက ပြဋ္ဌာန်းထားတဲ့ စာသားတွေရဲ့ ဖော်ပြမှုကသာ အမှန်ဆိုတဲ့ အာဏာရှင်ဆန်တဲ့ အယူအဆကို တွေ့မြင်ရတာ ဖြစ်တဲ့အကြောင်းကိုလည်း ကိုစောသီဟက အခုလို ပြောဆိုပါတယ်။

“ဆရာ၊ ဆရာမ ပြောသမျှ အကုန်လုံးမှန်ရမယ်။ ဆရာ၊ ဆရာမ ပြောသမျှက စည်းမျဉ်း ဖြစ်နေရမယ်။ ဆရာတွေဟာ အကြီးကျယ် အမြင့်မြတ်ဆုံးနဲ့ ဘုရားနဲ့ တတန်းတည်းထားရတဲ့ ဆရာတွေဆိုတဲ့ အချက်ကို အသုံးချတဲ့စနစ်ဟာ စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေကို အာဏာအလွန်အကျွံပေးလိုက်တာ ဖြစ်တယ်လို့ မြင်တယ်။ လူ့အဖွဲ့အစည်းမှာ လက်ခံထားတဲ့ ဆရာကို ဘုရားနဲ့ တတန်းတည်းထားတယ်ဆိုတဲ့ အယူအဆကို စာသင်ခန်းထဲမှာ အသုံးချလိုက်တာဟာ ပညာရေးစနစ်အတွက် ကြီးမားတဲ့ အနှောင့်အယှက်တခု ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့ကြောင့် “ဒီလို အာဏာရှင်ဆန်တဲ့ ဆရာ ပြောသမျှ နားထောင်ရမယ်၊ ဆရာ ပြောသမျှ အမှန်ဖြစ်တယ်ဆိုတဲ့ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်ဟာ အပြင်လောကကို ရောက်သွားတဲ့ အချိန်မှာလည်း တိုင်းပြည်ကို အုပ်ချုပ်တဲ့ အာဏာရှင်တွေရဲ့ လုပ်သမျှ၊ ပြောသမျှသာ အမှန်ဖြစ်တယ်ဆိုတဲ့ အာဏာရှင်စနစ်နဲ့ အသားကျသွားစေတယ်” လို့လည်း သူက သုံးသပ်ထားပါတယ်။

ဒီလို ပညာရေးစနစ်နဲ့ စာသင်ကျောင်းတွေရဲ့ သင်ကြားမှု၊ သင်ယူမှု ပုံစံတွေအပြင် ကျောင်းစည်းကမ်း ချမှတ်မှုတွေဟာလည်း စစ်အာဏာရှင်တွေရဲ့ လိုသလို ပုံဖော်မှု ဖြစ်တဲ့အကြောင်း ကြို့ပင်ကောက်မြို့မှ စီဒီအမ် ကျောင်းအုပ်ဆရာကလည်း “ဆရာ‌တွေက ဖောင်ကြီးသင်တန်း ဆိုတာ တက်ရတယ်။ ဖောင်ကြီးသင်တန်း ဆိုတာ ပေါ်လစီတွေ သင်ပေးတာ။ ဆရာတွေ ဆရာမတွေထဲမှာ ဒီသင်ပေးတာတွေက အမှန်မဟုတ်ဘူး၊ ပေါ်လစီတွေဆိုတာ သိတဲ့သူက နည်းတယ်” လို့ ဆိုထားပါတယ်။

ဒီလို ဖောင်ကြီးသင်တန်းတွေဟာ နိုင်ငံဝန်ထမ်းလို့ ခေါ်ဆိုတဲ့ အဲဒီခေတ်တွေတုန်းက အစိုးရဝန်ထမ်းတွေ တက်ရောက်ရတဲ့ သင်တန်းတွေဖြစ်ပြီး ဒီလို စစ်တပ်မူဝါဒတွေကို ဆရာ ဆရာမတွေကို သင်ကြားပေးတာဟာ အဲဒီ ဆရာ၊ ဆရာမတွေကတဆင့် ကျောင်းသားတွေဆီကို ရောက်ရှိသွားစေဖို့ လုပ်ဆောင်တာ ဖြစ်တဲ့အကြောင်းကိုလည်း “သူတို့ရည်ရွယ်ချက်က သူတို့က နိုင်ငံဝန်ထမ်းလို့ သုံးပြီး ဆရာတွေကနေတဆင့် ကလေးတွေဆီကို ကူးစက်သွားစေနိုင်တဲ့ သဘောမျိုးပေါ့။ အဲဒါတွေကလည်း အောင်မြင်တော့ ကလေးတွေရဲ့ ပညာရေးမှာ သွားပြီး နစ်နာတာပေါ့” လို့ ကြို့ပင်ကောက်မြို့မှ စီဒီအမ် ကျောင်းအုပ်ဆရာက သုံးသပ်ထားပါတယ်။

ဝါဒဖြန့်မှုကို ဝါဒဖြန့်မှုရယ်လို့ မသိခဲ့ဘဲ စိတ်ထဲ အစဉ်အဆက် မှတ်သားခဲ့ရတဲ့ အကြောင်းအရာတွေ၊ အာဏာရှင်တွေ စနစ်တကျ ပုံဖျက်ခဲ့တဲ့ ပညာရေးစနစ်တွေရဲ့ အစဉ်အဆက် ရိုက်သွင်းမှုတွေဟာ ဆယ်စုနှစ် ၂ ခုနီးပါးစာရှိတဲ့ မျိုးဆက်တွေအဆက်ဆက် အမြစ်တွယ်နေခဲ့ရုံသာမက ဝါဒမှိုင်းရယ်လို့ မသိဘဲ နောင်မျိုးဆက်တွေအထိပါ ဆက်လက် သယ်ဆောင်လာတာတွေကြောင့်လည်း စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်မှုတွေဟာ တဖြည်းဖြည်း ဓလေ့ထုံးစံတခုလို၊ အမျိုးသားရေးစိတ်ဓာတ်တခုလို၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်တရပ်လို အသွင်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

အမှားကြာတော့ အမှန်ဖြစ်

ဒီလို ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်မှုတွေဟာ မျိုးဆက် တဆက်ပြီးတဆက် ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ စနစ်အရ လက်ဆင့်ကမ်းသယ်ခဲ့ရတာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေကိုလည်း စစ်အစိုးရတွေက လိုသလို ပုံဖျက်ခဲ့ပြီး သူတို့အလိုကျ ပုံဖော်မှုတွေကိုလည်း စာသင်ကျောင်တွေကတဆင့် စတင်ခဲ့တာဖြစ်ပါတယ်။

အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား ‌ရေရှည်တည်တံ့ရေးအတွက် လိုသလိုပြောင်းလဲပြဋ္ဌာန်းခဲ့တဲ့ ဒီလိုအတွေးအခေါ် အယူအဆတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့တော့ ထပ်တူကျတဲ့ အမှန်တရား မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်အာဏာရှင်စနစ် ဖြစ်တဲ့အတွက် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လိုက်နာကျင့်သုံးခဲ့ရတာပါပဲ။

ဒီလို လွဲချော်နေတဲ့ အတွေးအခေါ်တွေကို နှစ်ပေါင်းများစွာ ထပ်ကာတလဲလဲ ပြည်သူတွေကို စွဲကိုင်ထားစေခဲ့တာဟာလည်း စစ်အစိုးရရဲ့ အစီအစဉ်တခု ဖြစ်ခဲ့နိုင်ပါတယ်။ Hassan and Barber Cogn Research သုတေသနအဖွဲ့ရဲ့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ “The effect of repetition frequency on the illusory truth effect” ဆိုတဲ့ သုတေသနစာတမ်းအရ ထပ်ကာတလဲလဲ မြင်တွေ့နေရတဲ့ အချက်အလက်တွေဟာ အချက်အလက်အသစ်တွေထက် ပိုပြီးမှန်ကန်တယ်လို့ လူတွေက ယူဆတတ်ကြတဲ့အကြောင်း ဖော်ပြထားပါတယ်။ ပုံမှန်အားဖြင့် ထပ်ကာတလဲလဲ မြင်ရတဲ့ အကြောင်းအရာတွေဟာ လူတွေကို ပိုပြီး အကျွမ်းတဝင် ဖြစ်လာစေတာကြောင့် ဒီလို ကိုယ်နဲ့ အကျွမ်းတဝင်ရှိပြီးသား အကြောင်းအရာကို အမှန်အဖြစ် သတ်မှတ်လိုက်ကြတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုပဲ စစ်အာဏာရှင်ခေတ် ရှည်ကြာတဲ့အခါမှာလည်း ပတ်ဝန်းကျင်မှာ အမြဲတွေ့ရတတ်တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်အရေးအသားတွေ၊ ထပ်ကာတလဲလဲ ကျက်မှတ်ရတဲ့ ကျောင်းသင်ခန်းစာထဲက ဝါဒဖြန့်အကြောင်းအရာတွေ၊ စာသင်ကျောင်းတွေမှာ နေ့စဉ် သီဆိုရတဲ့ ဝါဒဖြန့်သီချင်းတွေနဲ့ စစ်အစိုးရအရာရှိတွေ မိန့်ခွန်းပြောရာမှာ အမြဲကြားနေရတဲ့ စကားလုံးအသုံးအနှုန်းတွေဟာလည်း ပြည်သူတွေအပေါ် အချိန်ကြာ လွှမ်းမိုးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထပ်ကာတလဲလဲ အသုံးပြုမှုတွေဟာလည်း လူထုနဲ့ ရင်းနှီးကျွမ်းဝင်စေပြီး ဒီအကြောင်းအရာ၊ အချက်အလက်နဲ့ အတွေးအခေါ်တွေကသာ အမှန်ဆိုတဲ့ အယူအဆမျိုး တဖြည်းဖြည်း လွှမ်းမိုးစေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မမှန်ခဲ့တဲ့ အကြောင်းအရာ၊ အတွေးအခေါ်နဲ့ ဝါဒဖြန့်မှုတွေကလည်း အချိန်ကြာလာတာနဲ့အမျှ မြန်မာလူထုအသိုင်းအဝိုင်းထဲမှာ အမှန်တရားအဖြစ် ပြောင်းလဲသွားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဒါတွေ ရပ်တန့်မလဲ

လက်ရှိအချိန်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာရှိနေတဲ့ မြန်မာပြည်သူတွေဟာ ခေတ်ကာလ တိုးတက်လာတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လူမှုကွန်ရက်တွေ အသုံးပြု ဝါဒဖြန့်တာတွေကိုပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာလည်း ဒီမိုကရေစီ တစိတ်တပိုင်းစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်တာအတွင်း သင်ရိုးညွှန်းတမ်းပိုင်းဆိုင်ရာ ပြောင်းလဲမှုတချို့နဲ့ သင်ကြားမှုပုံစံတချို့ ပြောင်းလဲခဲ့တာ ရှိခဲ့ပေမဲ့ အရင်အာဏာရှင်တွေခေတ်က ပညာရေးစနစ်ကနေ လုံးလုံးလျားလျား ပြောင်းလဲခဲ့ခြင်းတော့ မရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပြည်သူ့အစိုးရတရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် နောင်တချိန်မှာ ဒီလိုအာဏာရှင်တွေ ထပ်မံမပေါ်ပေါက်လာရေးဟာလည်း ဒီမိုကရေစီစနစ်ကို အခြေခံခဲ့ စာသင်ခန်းတွေကနေ အစပြုရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးဆက်တွေ ထပ်မံမပေါ်ပေါက်စေရေးဟာလည်း အမြစ်တွယ်ခဲ့တဲ့ ပညာရေးစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေအပေါ် အလုံးစုံ ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်သင့်တာဖြစ်ပြီး ဒီလိုပြင်ဆင်ရာမှာလည်း ဝါဒဖြန့်မှုနဲ့ နိုင်ငံရေးအမြတ်ထုတ်မှုကင်းတဲ့ ပညာရေးကသာ အဓိက ပြောင်းလဲနိုင်တဲ့အရာဖြစ်မှာ ဖြစ်ပါတယ်။

ဝေမိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024