Home
မြန်မာသတင်း
ပုသိမ်တွင် ရွေးကောက်ပွဲအကြောင်းပြပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေ
DVB
·
March 14, 2024
pop 1432024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့နယ်မှာ မတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အောက်ခြေရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွေးကောက်ပွဲအတွက်ဆိုပြီး တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူနေတာလို့ ဆိုပါတယ်။

ပုသိမ်မြို့ခံတဦးက “ကျမတို့ရပ်ကွက်ထဲကို လာပြီး စာရင်းလာကောက်သွားတယ်။ ထွေအုပ်ရပ်ကျေးစာရေးတွေနဲ့ အုပ်ကြီးတွေက လိုက်ကောက်သွားတာ။ မြေပြင်ဆင်းပြီး ကောက်တာ။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခိုင်းလို့ ကောက်တာတဲ့။ အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေနဲ့ ပျောက်ပျက်သွားတဲ့လူတွေရှိရင် ပိုက်ဆံတော့ပေးရမယ်၊ အသစ်လုပ်ပေးမယ်လို့ ပြောသွားတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့နယ်က တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေးအတွက် ကွင်းမဆင်းရဲလို့ အိမ်ထောင်စုစာရင်းတွေကို စနစ်တကျ ကိုယ့်အစီအစဉ်နဲ့ကိုယ် မိတ္တူနှစ်ရွက်ဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို သွားပို့ပေးဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကတဆင့် တောင်းယူနေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံ တက်ကြွလှုပ်ရှားသူတဦးက “ရွေးကောက်ပွဲလုပ်လည်း စိတ်မဝင်စားဘူး။ သူတို့ဘာသာ အိမ်ထောင်စုစာရင်းကို လာယူရင်ယူ မယူရင်နေ။ သူတို့လုပ်လို့ ထမင်းနပ်မှန်အောင် မနည်းလုပ်နေရတာ။ ဘာမှကို စိတ်မဝင်စားဘူး။ NLD ပါတီက နိုင်ပြီးသားကို ရွေးကောက်ပွဲထပ်လုပ်မှာကို လက်မခံဘူး၊ အသိအမှတ်မပြုဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းထဲက မြို့နယ်အားလုံးမှာ အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ်ပါတီ (NLD) ကအနိုင်ရရှိခဲ့ပြီး ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကအာဏာသိမ်းပြီး NLD ပါတီရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ၊ ပါတီကို ထောက်ခံတဲ့ အနုပညာ ရှင်တွေကို ဖမ်းဆီးအကျဉ်းချထားပြီးနောက် အခုလို အကြောင်းအမျိုးမျိုးပြကာ ရွေးကာက်ပွဲပြန်လုပ်ဖို့ စစ်ကောင်စီက ကြိုပမ်းနေတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ပုသိမ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက်လို့ ခေါင်းစဉ်တပ် အိမ် ထောင်စုစာရင်း ကောက်နေတဲ့အပြင် အရပ်သား လူငယ်တွေကို စစ်ကောင်စီတပ်ထဲထည့်ဖို့ စစ်မှုထမ်းရန်ဆိုကာ လူငယ်တွေရဲ့ စာရင်းတွေကိုလည်း မတ် ပထမ အပတ်က လိုက်လံ ကောက်ယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013